Friday 27 November 2009

ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ

အောင်ကျော်မိုး / ၂၇ နိုဝင်ဘာ ၂၀၀၉
ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးများ ကျဆင်းနေ၍ အန်ဂျီအိုလုပ်ငန်း လုပ်ကိုင်နေသူများ အထူးထိခိုက်နစ်နာနေရကြောင်း နာဂစ်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နိုင်ငံရပ်ခြား အန်ဂျီအိုတွေကနေ နာဂစ်ကယ်ဆယ်ရေးမှာ သုံးဖို့ ပုံမှန် ငွေပို့ပေးတယ်။ တချို့ငွေတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်ကနေ တရားဝင်လွှဲပေးပြီး ဒီမှာ အက်ဖ်အီးစီနဲ့ ပြန်ထုတ်သုံးတယ်။ နောက် တချို့ဒေါ်လာအဖြစ်နဲ့ပဲ လူနဲ့သယ်လာပြီး သုံးတယ်။ အဲဒီ (၂) မျိုးစလုံးကို ကျပ်ငွေနဲ့လဲပြီး သုံးရတာမို့ အခု ဒေါ်လာဈေးကြောင့် ကျနော်တို့ဆီ ဝင်လာတဲ့ ငွေတွေဟာ ပြီးခဲ့တဲ့ လကနဲ့စာရင် (၁ဝ) ရာခိုင်နှုန်းကျော် လျော့သွားတယ်။ ဒါပေမယ့် ကျနော်တို့ ဒီမှာ မြန်မာကျပ်ငွေနဲ့ ပြန်ပြီး ဝယ်ခြမ်းသုံးနေရတာတွေက တခုမှ ဈေးမကျဘူး။ ဒီအတွက် နဂိုက ကျနော်တို့ တင်ထားတဲ့ proposal တွေကို အဆင်ပြေအောင် လုပ်နိုင်ပါ့မလား မသိဘူး” ဟု ပြောသည်။

အလားတူ ပြည်တွင်းရှိ အန်ဂျီအိုအဖွဲ့တွင် အလုပ်လုပ်နေသူများ၊ သံရုံးတို့၌ အလုပ်လုပ်နေသူများမှာလည်း ဒေါ်လာဈေးကြောင့် ၎င်းတို့ဝင်ငွေများ (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း အဆိုပါဆရာဝန်က ပြောသည်။

နိုင်ငံခြားတွင် အလုပ်လုပ်ပြီး မြန်မာပြည်တွင်းသို့ ငွေပြန်ပို့သည့် သန်းနှင့်ချီရှိသည့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေများလည်း အလားတူ လျော့ကျသွားပြီး အထွေထွေ ကုန်ဈေးနှုန်းများက မကျခြင်းကြောင့် မိသားစုဝင်များ အခက်အခဲ ကြုံရကြောင်း သိရသည်။

နိုင်ငံခြားငွေဖြင့် လစာရနေသူများ၊ နိုင်ငံခြားမှ ငွေပေးပို့မှုကို လက်ခံနေထိုင်စားသောက်သူများသာမက နိုင်ငံခြားသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်လာနေကြောင်း သိရသည်။

ရေထွက်ပစ္စည်း နိုင်ငံခြား တင်ပို့သူတဦးကလည်း “အခု ကျနော်တို့ ရေထွက်ကုန်ပို့ပြီး ပြန်ရတဲ့ Export Earning ဈေးနှုန်းတွေက ကျပ် (၁,ဝဝဝ) စွန်းစွန်းပဲ ရှိနေတယ်။ ဆိုတော့ ကျနော်တို့ ပို့လိုက်ချိန်တုန်းက ဝယ်ဈေး၊ စရိတ် အဲဒါတွေအားလုံး တွက်လိုက်ရင် ရှုံးတောင် ရှုံးနေတယ်။ ခု ဆက်ပြီး ပို့မလား မပို့ဘူးလား စဉ်းစားနေတယ်” ဟု ပြောသည်။

အလားတူ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကလည်း ၎င်းတို့၏ ဝန်ဆောင်ခကို ဒေါ်လာငွေနှင့် တွက်ချက် ကောက်ခံထားပြီး ပြည်တွင်း၌ မြန်မာကျပ်ငွေ အသုံးပြုကာ ဝန်ဆောင်မှုပေးနေရသည့်အပေါ် အမြတ်အစွန်း မကျန်သလောက် ဖြစ်လာနေကြောင်း ပြောပြကြသည်။

ရန်ကုန်ဈေးကွက်တွင် ဒေါ်လာပေါက်ဈေးမှာ ပြီးခဲ့သည့်လက (၁) ဒေါ်လာ ကျပ် (၁,၁ဝဝ) နီးပါး ရှိရာမှ ယနေ့ ၂၇-၁၁-ဝ၉ နေ့တွင်မူ (၁) ဒေါ်လာ ကျပ် (၉၉ဝ) ဝန်းကျင်သာရှိပြီး (၁ဝ) ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကာ Export Earning ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လအထိ (၁) ဒေါ်လာ (၁,၁၃ဝ) ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ Export Earning ပေါက်ဈေး
(၁) ဒေါ်လာ (၁,ဝ၂ဝ) ဝန်းကျင်သာ ရှိသည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးက မြန်မာနိုင်ငံတွင် ဒေါ်လာငွေဈေးတက်ပါက ကျန်သည့် အထွေထွေကုန်ဈေးနှုန်းများ လည်း အမြဲတမ်း လိုက်ပါမြင့်တက်လျက်ရှိသော်လည်း ဒေါ်လာငွေ တန်ဖိုးနိမ့်ကျပါက အထွေထွေ ကုန်ပစ္စည်းတန်ဖိုး လိုက်ပါနိမ့်ကျခြင်းမျိုးက နည်းသည့်အတွက် ပြည်သူအများစု အခက်အခဲတွေ့ ဒုက္ခရောက်ရသည်ဟု ပြောသည်။

၎င်းက “ဒီပြဿနာ ပြေလည်ဖို့ဆို စီးပွားရေးလုပ်ငန်းတွေမှာ အမှန်တကယ် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုနဲ့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရှိဖို့ လိုအပ်တဲ့အပြင် မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်။ အဲဒီလို မဟုတ်ရင်တော့ မြန်မာ့စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး ပြည်သူအများစု ဒုက္ခရောက်ကြမှာဖြစ်တယ်” ဟု ပြောသည်။(ခေတ်ပြိုင်)



(ဆက်ဖတ်ရန်.......)

Thursday 26 November 2009

ရွာသားများကို ခေါ်ယူခိုင်းစေပြီး စစ်သားသစ်ပါ ကောက်ယူနေ

Submitted by Karen Information Center on November 26, 2009 စောထွန်းနိုင်
ယခုရက်ပိုင်းတွင် ဖာပွန်ဒေသအတွင်း ဝင်ရောက်လှုပ်ရှား စခန်းချလာသည့် ဒီကေဘီအေတပ်များသည် ဒေသခံရွာသူရွာသားများ ကို ခေါ်ယူခိုင်းစေသည့်အပြင် စစ်သားသစ်ကိုပါ ကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၃၃၃)မှ ဒုဗိုလ်မှူးကြီး စောဘိ ဦးစီးသော တပ်ရင်းနှင့် ဒုဗိုလ်မှူးကြီး ဟင်နရီ ဦးစီးသော တပ်ရင်းတို့သည် ယခုလ ၁၀ရက်နေ့က ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်အတွင်းရှိ မိချောင်းဝင်း(ကွီးတမာ့)နှင့် ဝင်းမော်(ဝေါ်မူ)ကျေးရွာများအတွင်းသို့ ရောက်ရှိစခန်းချခဲ့ရာ စခန်းဆောက်လုပ်ရန်နှင့် ရိက္ခာသယ်ယူရန်အတွက် ရွာသူရွာသားများကို ခေါ်ယူခိုင်းစေခဲ့ကြောင်း ကေအဲန်ယူ ဖာပွန်ခရိုင်မှ ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ပြောသည်။

သူက “ဒီကေဘီအေ နံပါတ်(၃၃၃)အဖွဲ့က ဒီလ ၁၀ရက်နေ့မှာ ကွီးတမာ့(မိချောင်းဝင်း)အထိ ရောက်လာပြီးတော့ အဲဒီမှာ စခန်းချ တယ်။ အဲဒီစခန်းအတွက် အခု သူတို့ ရိက္ခာတွေ သယ်ယူတယ်။ အဲဒီအတွက် ကွီးတမာ့(မိချောင်းဝင်း)ရွာသားတွေကို ခေါ်ယူပြီး တော့ သယ်ခိုင်းတယ်။ ရိက္ခာသယ်ရတဲ့အပြင် အခြားအလုပ်တွေ အပါအဝင်ပေါ့လေ။ တခေါက်ကို ရွာသားအယောက်(၂၀) ခေါ်ပြီး တော့ ၃ရက်တိတိ သွားလုပ်ရတယ်။ ပြီးရင် နောက်တသုတ် အလှည့်ကျ ၃ရက်စီ သွားလုပ်ပေးရတယ်။ မသွားနိုင်ဘူးဆိုရင် လူတ ယောက်ကို ငွေ(၅၀၀၀)ကျပ်ပေးရတယ်”ဟု ဆိုသည်။

၎င်းတို့ တပ်စခန်း ဆောက်ရန်အတွက် ရွာသူရွာသားများကို ခေါ်ယူခိုင်းစေပြီး လိုအပ်သည့် သစ်၊ ဝါးနှင့် ဖက်များကိုလည်း ရွာသူ ရွာသားများထံမှ ငွေမပေးဘဲ အခမဲ့ မှာယူခဲ့သည်။ ထိုသို့ လုပ်အားခိုင်းစေမှုအပြင် တချိန်တည်းတွင် မိချောင်းအင်း၊ ဝင်းမော်ရွာနှင့် အနီးတဝိုက်ရွာများမှ ရွာသူရွာသားများကို ယခုလ ၂၃ရက်နေ့က တအိမ်တယောက် ခေါ်ယူတွေ့ဆုံကာ စစ်သားသစ်ကောက်ယူရန် ဆွေးနွေးချပြခဲ့သည်ဟု ထိုဒေသခံ၏ ပြောပြချက်အရ သိရသည်။

“ဒီကေဘီအေက စစ်သားသစ်ကောက်ယူဖို့အတွက် ဒီလ ၂၃ရက်နေ့က ရွာသားတွေကို တအိမ်တယောက် ခေါ်ယူတွေ့ဆုံပြီးတော့ ချပြဆွေးနွေးခဲ့တယ်။ အခု ဒီကေဘီအေက နယ်ခြားစောင့်တပ်ဖြစ်ပြီလေ။ ဒါကြောင့် ရွာသားတွေကတော့ ဒီကေဘီအေ စစ်သား ပိုပြီး မလုပ်ချင်တာပေါ့။ အဲဒါ ဒီကေဘီအေတွေသိတော့ မဲနိုက်စနစ်နဲ့ ကောက်မယ်။ မဲပေါက်တဲ့သူ သွားရမယ်လို့ အကြပ်ကိုင်လာ တယ်”ဟု အဆိုပါဒေသခံက ဆိုသည်။

ဒီကေဘီအေတပ်တို့ လုပ်ဆောင်သည့် စစ်သားသစ်စုဆောင်းမှုကို မနှစ်သက်သော ထိုဒေသရှိ လူငယ်များသည် ယခုလက်ရှိအ ချိန်တွင် လွတ်မြောက်ရာ တောတွင်းသို့ ပြေးပုန်းနေထိုင်ကြရသည်။

မိချောင်းဝင်းရွာသားတဦးက “ကျနော်တို့ရွာမှာ အရင်က နအဖရော၊ ဒီကေဘီအေ တပ်စခန်းတွေ မရှိဘူး။ ဝင်းမော်(ဝေါ်မူ)မှာတော့ နအဖ တပ်စခန်းတခုပဲရှိတယ်။ ဒီကေဘီအေက ဒီအခုမှ ဝင်လာတာ။ နဂိုကတည်းက နအဖတပ်တွေရဲ့ ခိုင်းစေမှုကို ခံရတဲ့ကြားက အခု ဒီကေဘီအေ ရောက်လာတော့ လုပ်အားခိုင်းတာရော၊ စစ်သားစုဆောင်းတာရော ထပ်လုပ်လာတယ်။ ကျနော်တို့ ရွာသား တွေက ခံပြီးရင်းခံပဲ”ဟု ဆိုသည်။

ယခုကဲ့သို့ ဒီကေဘီအေတပ်များ ဖာပွန်ဒေသအတွင်းသို့ ဝင်ရောက်နေရာယူခြင်းသည် အဆိုပါဒေသအတွင်း ထွက်ရှိသည့် သယံ ဇာတများဖြစ်သည့် ရွှေနှင့်သစ်များ ထုတ်လုပ်ရန်အတွက်နှင့် နယ်ခြားစောင့်တပ်ဖြစ်လာမည့် ဒီကေဘီအေတပ်အတွက် နယ်စပ် ဒေသများကို ထိန်းချူပ်နိုင်ရန်အတွက် ဖြစ်နိုင်ကြောင်း ထိုမိချောင်းဝင်းရွာသားက ပြောသည်။

ဖာပွန်ဒေသသို့ ရောက်ရှိလာသည့် ဒီကေဘီအေတပ်ဖွဲ့များတွင် မြ၀တီမြို့နယ်၊ ကုက္ကိုကျေးရွာ အခြေစိုက် (၉၉၉) ဗျူဟာမှူး ဗိုလ်မှူး ကြီးစောချစ်သူ ဦးစီးသည့်တပ်ဖွဲ့ ပါဝင်သည်ဟု မြ၀တီမြို့ရှိ ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။ “ဗိုလ်ချစ်သူ ဦးစီးတဲ့ ဒီကေအဖွဲ့တွေ ဖာပွန်ဘက်ကိုသွားတယ်လို့တော့ ကျနော်တို့ ကြားတယ်။ ဒါပေမဲ့ ထိုးစစ်အတွက်တော့ မဟုတ်ဘူး။ စီးပွားရေးအ တွက်လို့ ပြောကြတာပဲ”ဟု ဆိုသည်။
ဖာပွန်ခရိုင်ရှိ ဘူးသိုနှင့် ဒွဲလိုးမြို့နယ်အတွင်း လှုပ်ရှားနေသော ဒီကေဘီအေ (၇၇၇) ကဆောဝါးတပ်ရင်းကလည်း ထိုဒေသအတွင်း ပျက်စီးနေသည့် တံတားနှင့် လမ်းများပြုပြင်ရန် ဒေသခံများကို ယခုလ ၄ရက်နေ့မှစ၍ နေ့ရောညပါ ခေါ်ယူခိုင်းစေခဲ့သည်။(KIC News)

(ဆက်ဖတ်ရန်.......)

တရုတ်နယ်စပ်အင်အားကြီးတပ်ဖွဲ့များ နအဖကိုစိန်ခေါ်

ကြာသပတေးနေ့၊ 26 နိုဝင်ဘာလ 2009

နိုဝင်ဘာလလယ် တန့်ယန်းမြို့ တွေ့ဆုံဆွေးနွေးပွဲ၌ နအဖ၏ထပ်မံဖိအားပေးခြင်းခံရအပြီးနှစ်ဘက်သဘောတူညီမှု မရရှိဘဲ လိပ်ခဲ တည်းလည်းဖြစ်လာသည့်နောက်ပိုင်း ယခုအခါ မိုင်းလား နှင့် ၀ တပ်ဖွဲ့ တပ်မှူး/အရာရှိများအကြား ‘ပျားအုံကို ဒုတ်နဲ့ ထိုးရဲရင် ထိုးစမ်းကြည့်’- ဟူသော စိန်ခေါ်သံများထွက်ပေါ်နေကြောင်းထိုင်းနယ်စပ်သတင်းဆို ပါသည်။

“နယ်ခြားစောင့်တပ်ဆိုတဲ့အမည်ကိုတော့ မူအားဖြင့်လက်ခံတယ်၊ အဲ့ဒါကျနော်တို့ဘက်က အလျှော့ပေးလိုက်တာဘဲ။ သူတို့ဘက်ကအလျှော့မပေးဘဲ တဆင့်တိုး အကြပ်ကိုင်လာရင် ‘ပျားအုံကို ဒုတ်နဲ့ထိုးချင်လဲ စမ်းကြည့်ပေါ့’- ဟု ကြံးဝါး သံများ ထွက်ပေါ်နေကြောင်း မိုင်းလားတပ်မှူးတဦး၏ စကားကို ကိုးကားသည့် ဆိုစ့်က ပြောပါသည်။

ပန်ဆန်း ၀ ဌာနချုပ်၌ နိုဝင်ဘာ ၁၈ - ၂၁ ရက်နေ့အထိ ၄ ရက်ကြာကျင်းပသည့် UWSA – NDAA ထိပ်သီး အစည်းအဝေး သို့ မိုင်းလားတပ်ဖွဲ့မှ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဥက္ကဌ စိုင်းလင်း၏ သားကြီး စိုင်းလုံ (ခေါ်) စိုင်းထိန်လင်း နှင့် စစ်ဦးစီးချုပ် လော်ဆန်းပေါဝ်းတို့ တက်ရောက်ကြကြောင်း - သိရ၏။

ဝ နှင့် မိုင်းလားတပ်ဖွဲ့ ၃ - ၄ ရက်ကြာ အစည်းအဝေး၌ မိမိတို့နှစ်ဖွဲ့နယ်မြေကိုအထိမခံ ၀ိုင်းဝန်းကာကွယ်ကြရန် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခင်ကထက် သွေးစည်းညီညွှတ်မှု ခိုင်မာရေးအတွက်သဘောတူဆုံးဖြတ်ခဲ့ သည်ဟုဆို၏။ “ဗမာစစ် တပ်တွေ အပစ်ရပ်နယ်မြေအတွင်း နယ်ကျွံဝင်လာရင်တော့ တွေ့ကြသေးတာပေါ့ ” - ဟုလည်း တပ်မှူးအချို့ ပြောဆိုနေ ကြကြောင်းသိရသည်။

မိုင်းလား နှင့် ၀ တပ်ဖွဲ့ အရာရှိ/တပ်မှူးများ နအဖတပ်အပေါ်ကြုံးဝါးကြခြင်းသည် တိုင်းချုပ်ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောစကားကို ချေပလိုသောကြောင့်ဖြစ်သည်ဟု ဆို၏။

နိုဝင်ဘာ ၇ ရက် ကျိုင်းတုံရောက်စဉ် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က တြိဂံစစ်တိုင်းရုံး၌ပြောကြားခဲ့ သည်မှာ - ၁။ အပစ်ရပ်များသည် ခန္ဓာကိုယ်သာရှိပြီး ခေါင်းမရှိ။ ၂။ တရုတ်နယ်စပ်အပစ်ရပ်များလည်းဗမာပြည် ကွန်မြူနစ်ပါတီ မှ ပုန်ကန်ခွဲထွက်သည့် သစ္စာဖေါက်များဖြစ်သည်။ ၃။ ဤလက်နက်ကိုင်တပ်ဖွဲ့များသည်တိုင်းပြည်ကို ဖြိုခွဲဖျက်ဆီးသည့် အဖျက်အမှောင့် အကြမ်းဖက်သမားဘ၀မှ လာကြသူများဖြစ်သည်။ ၄။ ၎င်းတို့သည်မူးယစ်ဆေးဝါး ဂိုဏ်းများသာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီး ချိန်မှစ၍ အပစ်ရပ်ငြိမ်းအဖွဲ့များ သက်တမ်းလုံးဝ ကုန်ဆုံးပြီ ဟု ပြောဆို၏။

“အပစ်ရပ်တွေဆိုရင် သူတို့မျက်နှာမပြောနဲ့ သူတို့ကားနံပါတ်တောင်မမြင်ချင်ဘူး” - ဟု ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောသည်ကိုကြားဖူးသဖြင့် အပစ်ရပ်အသိုင်းအ၀ိုင်းတို့ ဒေါသထွက်ခဲ့ကြသည်ဟု သိရသည်။

“သေနတ်သံ ညံနေတဲ့နယ်မြေကို အိုးစည်သံ ဗုံမောင်းသံဖြစ်လာအောင် ကျုပ်တို့ စွမ်းဆောင်နိုင်ခဲ့တယ်။ငိုယိုသံ တွေကြား ပျော်ရွင်ကြည်နူးတဲ့ သီချင်းသံပျံ့လွှင့်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မငြိမ်မသက်ဖြစ်နေတဲ့နယ်မြေကို ဖွံ့ဖြိုးတိုးတက် တဲ့ဒေသ ဖြစ်လာအောင် ကျုပ်တို့ခေါင်းဆောင်တွေ စွမ်းဆောင်နိုင်ခဲ့တယ်။ကျူးကျော်ရေးသမား လက်အောက်ခံ တိုင်းပြည် ဘ၀ ပြန်သွားဖို့ ကျုပ်တို့အဖြစ် မခံနိုင်ဘူး။ အသက်နဲ့ရင်းပြီး ကာကွယ်မှာဘဲ” - ဟု မိုင်းလားတပ်ဖွဲ့ကြား ပြောဆိုနေကြ ကြောင်း လည်း သိရ၏။

ပန်ဆန်းပြန် ခေါင်းဆောင်ပိုင်းများက တပ်မဟာ (၈၉၆၊ ၉၁၁၊ ၃၆၉) သုံးခုမှ တပ်မဟာမှူး တပ်ရင်းမှူး နှင့်အရာရှိများ အား အစည်းအဝေးခေါ်ယူပြီး နိုဝင်ဘာ ၂၃-၂၄ ရက်နေ့၌ ပြန်လည်ဆွေးနွေးဖလှယ် ရဲဆေးတင် ခဲ့ကြကြောင်းသိရ သည်။(သျှမ်းသံတော်ဆင့်)

(ဆက်ဖတ်ရန်.......)

ခလရ (၆၁) အတွက် ရွာသားများ ကျောက်စရစ် သယ်ပို့ရ

Thu 26 Nov 2009, မိကျလွန်းထော
လွန်ခဲ့သော ရက်သတ္တပတ်က မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ သောင်ပြင်ရွာနှင့် တောင်ဘုံရွာမှ ကားများ ရေးမြို့သို့ အခမဲ့ ကျောက်စရစ်ခဲများ သယ်ပို့ပေးနေရသည်ဟု သိရသည်။

လမိုင်းမြို့နယ်ခွဲ အာယုတောင်ကျေးရွာအနီးတွင် အခြေချထားသည့် ခမရ (၅၈၇) က အာယုတောင်ကျေးရွာနှင့် ၃ မိုင်ကွာဝေးသော ကြိုးတံတား ကျောက်ထုတ်လုပ်ငန်းမှ ကျောက်စရစ်ခဲများကို ရေးမြို့ရှိ ခလရ (၆၁) သို့ သယ်ပို့ရန် စေခိုင်းထားခြင်း ဖြစ်သည်ဟု စေခိုင်းခံရသော သောင်ပြင်ရွာမှ ကားသမားတစ်ဦးက ပြောသည်။

“သူတို့ တပ်ပြင်ဖို့တော့ ပြောတာပဲ၊ ဆီခက ဘာမှမပေးဘူး၊ ကိုယ့်ဟာကိုယ် စိုက်ထုတ်ရတယ်၊ သူတို့လက်အောက်မှာ ရှိနေတယ်ဆိုတော့ မလုပ်ချင်လည်း လုပ်နေရတယ်ဗျ” ဟု ၄င်းကားသမားက ပြောသည်။

၎င်းကျောက်စရစ်ခဲရှိရာ ကြိုးတံတားနှင့် ရေးမြို့မှာ ၁၂ မိုင်ကျော် ကွာဝေးပြီး၊ တစ်နေ့လျှင် နှစ်ခေါက်သာ သယ်ပို့နိုင်သည်ဟု တောင်ဘုံရွာမှ ကားသမားတစ်ဦးက ဆိုသည်။

အထက်ပါရွာ (၂) ရွာမှ တစ်ရွာလျှင် တစ်နေ့ကား ၂ စီး၊ ၁ စီး ၂ ရက် အလှည့်ကျ ပို့ပေးနေရသည်။

“ခမရ (၅၈၇) က ရွာဥက္ကဌကတဆင့် ရွာသားတွေကို ပြန်ပြောတာပါ၊ ကျွန်တော်တို့က ၂ ရက် သယ်ပို့ပေးရမယ်၊ နောက်နေ့ ဘယ်သူတွေ ထိမလဲတော့ မသိသေးဘူး၊ အကုန်းလုံးက အိတ်စိုက်ကြီးပဲ” ဟု ၄င်းတောင်ဘုံရွာမှ ကားသမားက ဆက်ပြောသည်။

ခမရ (၅၈၇) တို့ ကျောက်စရစ်ခဲများကို ရေးမြို့ရှိ ခလရ (၆၁) သို့ သယ်ပို့ရန် စေခိုင်းနေသည်မှာ လွန်ခဲ့သော ၂၀၀၆ ခုနှစ်မှစ၍ ယခုလိုမျိုး နွေပိုင်းရောက်သည့်အချိန်ရောက်တိုင်း သယ်ပို့ခိုင်းခဲ့သည်ဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ အလုပ်မှု့ဆောင်က ဆိုသည်။

“ဒါကတော့ သူတို့ခိုင်းနေကျပါ၊ ဒါတင်မကသေးပါဘူး ခမရ (၅၈၇) က ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လမိုင်းမြို့နယ်မှာရှိတဲ့ ရောဘာခြံ ၂၅၀ ဧကကျော် ၃၀၀ ဧကတို့ကိုလည်း သိမ်းယူခဲ့ပါတယ်၊ ပြီးတော့ ရောဘာပင်အိုတွေကိုလည်း ထင်းအဖြစ်ခုတ်ပြီးတော့ ပြန်လည်စိုက်ခိုင်းတာလည်း ရှိပါတယ်” ဟု အလုပ်မှု့ဆောင်က ဆက်ပြောသည်။(မွန်သတင်း)

(ဆက်ဖတ်ရန်.......)

အမေရိကန်-မြန်မာ ဆက်ဆံရေး မြန်မာ့ဒီမိုကရေစီအတွက် မျှော်လင့်ချက်ကောင်းလား?

22 November 2009
မြန်မာအရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမယ်ဆိုပြီးတော့ စစ်အစိုးရကို သမ္မတအိုဘားမား အစိုးရက ကမ်းလှမ်းတာဟာ မျှော်လင့်ချက်အမှားပေးတာ (Burma Engagement Offers False Hope) လို့ Australia နိုင်ငံ Sydney Morning Herald သတင်းစာမှာ အကြီးတန်းအယ်ဒီတာ ဂရေဟမ် ရယ်လေ (Graham Reilly) ဒီကနေဘဲ ဆောင်းပါးရေးသားထားပါတယ်။ သမ္မတအိုဘားမား အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲဟာ ဗမာပြည်က ဒီမိုကရေစီ အပြောင်းအလဲဖြစ်ပေါ်အောင် လုပ်ငန်းစဉ်အစလို့ ရှုမြင်နေတယ်လို့ Graham Reilly သုံးသပ်ပြီးတော့ မြန်မာစစ်အစိုးရကြတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ နှစ်ပေါင်း ၅၀ နီးပါးလောက် သူတို့ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာတောင်ဆက်ပြီး တရားဝင်ဖြစ်အောင်လုပ်မယ့် အောင်ပွဲအဖြစ် ရှုမြင်တယ်လို့ အယ်ဒီတာ Reilly က သုံးသပ်ထောက်ပြထားပါတယ်။ ဒီ သတင်းအယ်ဒီတာရဲ့  သုံးသပ်ချက်နဲ့ လက်ရှိ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး၊ မြန်မာနိုင်ငံရေးအခြေအနေများကို ပိုမိုသိရှိနိုင်ဖို့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသမားဟောင်းတဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကို ဦးရော်နီညိမ်း က ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ သမ္မတအိုဘားမား အစိုးရက သူတို့ရှုမြင်ပုံက ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေကို ကျော်ကျော်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ က အခွင့်အလမ်းတခုဘဲလို့ ပြောနေတာက ဆရာတို့အနေနဲ့လည်း မကြာသေခင်က လာရောက်သွားတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဒ် ကမ်ဘဲလ် (Kurt Campbell) နဲ့ တွေ့ဆုံခဲ့တာဆိုတော့ သူတို့ကိုရော ဆရာတို့အနေနဲ့ မထောက်ပြခဲ့ဘူးလား။

ဦးဝင်းတင် ။ ။ ပြောပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ ဒါဟာ အမေရိကန်လို ကမ္ဘာ့နိုင်ငံအများစုက ဒီမိုကရေစီနိုင်ငံတွေဖြစ်နေတော့ ဒီမိုကရေစီနိုင်ငံများရဲ့  စိတ်ကူးစိတ်သန်း (သို့မဟုတ်)၊ ရည်မှန်းချက် (သို့မဟုတ်)၊ ကြံရွယ်ချက်၊ လုပ်ဆောင်ချက် ပုံစံအရတော့ ရွေးကောက်ပွဲကို တိုက်တွန်းမှာပေါ့။ ဒါအတွက် ကျနော်တို့ ဘာမှမပြောဘူး။ ဒါပေမဲ့ လက်ရှိ ဗမာပြည်ရဲ့  အနေအထားအရဆိုရင် ရွေးကောက်ပွဲကို တိုက်တွန်းခြင်းဟာ ဒီ ခင်များပြောတဲ့ Sydney က လူ ရေးတဲ့အတိုင်းဘဲ မှားယွင်းသောမျှော်လင့်ချက်ကို ပေးတာ။ အဲဒါကြောင့် မစ္စတာ ကမ်ဘဲလ် တို့လာတဲ့အခါမှာ ကျနော်တို့ ပြောလိုက်ပါတယ်။ ကျနော်ကိုယ်တိုင် ပြောတဲ့စကား။ ဘာလဲဆိုရင် မစ္စတာကမ်ဘလ် ခင်များတို့ဟာ ခင်များတို့ လွှတ်တော်နှစ်ရပ်လုံးစလုံးမှာ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်မှာ hearing တွေလုပ်တဲ့အခါမှာ ခင်များတို့တွေရဲ့  စကားတွေထဲမှာ ဒီ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တလုံးတပါသမှ မဟခဲ့ဘူး။ ဒါဟာ အလွန်ကို မှားယွင်းပါတယ်။ အလွန်ကို ကျနော်တို့ဘက်က အလွန်ကို စိတ်ပျက်တယ်လို ကျနော် စကားလုံးကို သုံးပါတယ် တစ်အချက် ။ နှစ်အချက် ကျနော်တိုက်တွန်းတာက ကောင်းပြီ ခင်များတို့အနေနဲ့ ဒီအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ပြောလိုမဖြစ်ဘူး diplomacy အရဘဲပြောပြော၊ တခြားအကြောင်းတွေအရဘဲပြောပြော စစ်အစိုးရကို မတိုက်တွန်းနိုင်ဘူး ဆိုလိုရှိရင်တောင်မှ အနည်းဆုံး အားလုံးတောင်းဆိုနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို စစ်အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ် ဆိုတာလောက်တော့ ပြောဖို့ကောင်းတယ်လို့ ပြောလိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ပါ ဆရာ။ သူတို့ကို ပြန်ကြည့်တဲ့အခါကြတော့ အမေရိကန်အစိုးရအဖွဲ့အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှမပြောဘူး။ Kurt Campbell အရင်လာသွားတဲ့ ဆီနိတ်တာ Jim Webb ကြတော့ ၂၀၀၈ အခြေခံဥပဒေဟာ အပြစ်အနာဆာတွေရှိနေတယ် ဆိုတာကိုတော့ သူသိရှိနားလည်းပါတယ်လို့ ပြောသွားတယ်။ အဲဒီအခါကြတော့ အပြစ်အနာအဆာရှိပေမဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို သွားလိုက်ပါဆိုတဲ့ သူတို့ရဲ့ အမြင် ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ဆရာ ဘယ်လိုမြင်ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော်တို့အထင်ကတော့ မစ္စတာဂျင်ဝဘ် အနေနဲ့ sanction တို့ ဘာတို့ ရုတ်သိမ်းရေးကိစ္စဘဲ ဦးတည်တယ်။ ဒါကို သွားချင်တယ်၊ ဖြစ်စေချင်တယ်။ နောက်တခါ အမေရိကန်အစိုးရက မစ္စတာကမ်ဘလ် တို့ လာတဲ့အခါကြတော့လည်း ပြောင်းလဲရေးဆိုတဲ့ ပုံသဏ္ဍာန်ပေါ့။ ဒီ ရွေးကောက်ပွဲတွေ လုပ်ပြီးသွားလို့ရှိရင် တစုံတရာသော ခရီးကိုရောက်လိမ့်မယ်၊ ပေါက်လိမ့်မယ်လို့ သူတို့က ထင်နေတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ သူတို့က ဒီအခြေခံဥပဒေမှာ အပြစ်အနာအဆာ ရှိတယ်လို့စကားမျိုး ပြောကောင်းပြောမယ်။ သို့မဟုတ် ဒီအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လုံးဝ ရေငုံနှုတ်ပိတ် တုံနိဘော လုပ်နေရင်လုပ်နေမယ်။ သို့သော် နောက်ဆုံးပိတ်ကြတော့ နှစ်ယောက်စလုံးက တိုက်တွန်းတာ ရွေးကောက်ပွဲဘဲ။ ကျနော်တို့ လိုချင်နေတာက ကျနော်တို့ တိုင်းသူပြည်သားများ တောင့်တနေတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့နေရတာ၊ နောက်တခါ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်မရှိ၊ အသက်မွေးဝမ်းကြောင်းမရှိ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိသလို ဖြစ်နေပြီ။ ဆိုပါတော့ ကျနော်တို့ ဘုန်းကြီးတပါး ဆွမ်းကျွေးချင်တယ် အန်အယ်လ်ဒီ ခေါင်းဆောင်တွေအနေနဲ့ ဆွမ်းကျွေးလို့ မရဘူး။ ကျနော် ဘုန်းကြီးကျောင်းကို သွားဖို့ မလွယ်ဘူး။ အဲဒီလို ဖြစ်နေတဲ့ အနေအထားမျိုးတွေကို ကျနော်တို့က ပြောင်းချင်တာ။ သံခင်းတမန်ခင်း ပြောင်းတာတို့၊ နှစ်နိုင်ငံ ဆက်ဆံရေး ပြောင်းတာလောက် ကျနော်တို့က မှန်းတာမဟုတ်ဘူး။

ဦးရော်နီညိမ်း ။ ။ အမေရိကန်တွေကို ပြန်ကြည့်တဲ့အခါ သူတို့က ဘာမဆို အပေးနဲ့အယူနဲ့ အမြဲတမ်း ဖြေရှင်းလေ့ရှိတဲ့အခါမှာ စစ်အစိုးရကို ကမ်းလှမ်းတဲ့နေရာမှာ (၁) ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ (၂) ၂၀၁၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ အဲဒီလိုမျိုး အဆင့်နှစ်ဆင့် လုပ်ထားပါတယ်။ အဲဒီ နှစ်ဆင့်နဲ့မှ ဒီ စစ်အစိုးရဘက်က လိုက်လျောလာတယ်ဆိုရင် သူတို့ဘက်ကလည်း အရေးယူပိတ်စို့ဒဏ်ခတ်တာတွေကို ရုတ်သိမ်းပေးမယ်ဆိုတဲ့ သူရဲ့  အပေးအယူဟာ တကယ်တမ်းမှာ ဘယ်လောက်ထိ ဖြစ်နိုင်ခြေရှိတယ်။ စစ်အစိုးရဘက်ကလည်း သူတို့ဘက်က ဘယ်လောက်လိုက်လျောနိုင်တယ်၊ မလိုက်လျောနိုင်တယ်ဆိုတာ မပြသေးဘဲ သူတို့စိတ်ဝင်စားတယ်ဆိုတာ ပြနေတယ် သဘောမှာတွေ့ရတယ်။ အဲဒီအပေါ် ဆရာ ဘယ်လိုမြင်ပါသလဲ။

ဦးဝင်းတင် ။ ။ ဒါကို စစ်အစိုးရကတော့ သူတို့အဖို့ ရိုးနေပြီ။ ကျနော်တို့ စောစောကပြောသလို ဒီ စစ်အစိုးရက လက်မခံနိုင်တော့ဘူး။ (၁) အုပ်ချုပ်ရေးကို လက်မခံနိုင်တော့ဘူး။ ကျနော် လူတွေကို ပြောတာမဟုတ်ဘူး။ ကျနော် လေးစားပါတယ် ဥပမာ ဗိုလ်သန်းရွှေတို့ ခေါင်းဆောင်ကြီးတွေ ဦးမောင်အေး ဘာညာပုဂ္ဂိုလ်ကြီးတွေ ဗိုလ်ချုပ်ကြီးတို့ ဒါတွေကို ကျနော်တို့ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်မှာ စစ်အာဏာယန္တရားကြီးက ဖိစီးကြိတ်ဝါးနေပါတယ်။ အဲဒီ စစ်အာဏာယန္တရားကြီး ကြိတ်ဝါးရေးကို ခင်များတို့ ပိတ်စဲဖို့ကို ကြိုးစားပါ။ ကျနော်တို့ လိုချင်တာ အဲဒါဘဲ။ ဆိုပါတော့ လူ့အခွင့်အရေးကိစ္စ ပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေတယ်။ ဦးတင်ဦးနဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ရှိနေတယ်၊ ခွန်းထွန်းဦး နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေတယ်။ မင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေတယ်ဆိုတဲ့ကိစ္စကို အလေးထားပြောလည်း ကျနော်တို့ ပြောနေတာ ဒီ နိုင်ငံရေးအကျဉ်းသားလောက် ကျနော်တို့ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်ကြီးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘယ်မှာကြည့်ကြည့် ဘယ်နေရာကြည့်ကြည့် ကျောင်းသားလူငယ်တွေကြည့်မလား၊ ခလေးတွေကြည့်မလား၊ ဈေးရောင်းသူတွေ ကြည့်မလား၊ လယ်သမားကြည့်မလား၊ အလုပ်သမားကြည့်မလား၊ နယ်စပ်ကတိုင်းရင်းသားတွေ ကြည့်မလား ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေက အတော်ကို ပြင်းထန်နေပါတယ်။ အဲဒီတော့ အဲဒါတွေကိုလည်း ကြည့်ပါ။


ဦးရော်နီညိမ်း ။ ။ နောက်တခုက ဒီ အမေရိကန်အစိုးရဘက်က ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ပေါက်လာဖို့က ဦးစားပေး မဟုတ်ဘဲနဲ့ တရုတ်ရဲ့  သြဇာ အရှေ့ တောင်အာရှ လွှမ်းမိုးမှုမှာ မြန်မာနိုင်ငံ ပါမသွားရအောင် သူတို့အနေနဲ့ ဘယ်လိုဘဲပြောပြော စစ်ရေးကာလတုန်းကလိုဘဲ ဘယ်လောက်ဆိုးတဲ့အစိုးရနဲ့ဘဲဖြစ်ဖြစ် ချိတ်ထားတယ်။ ဒီသဘောမျိုးရော ရှိနေတယ်လို့ ကျနော်တို့ မြင်ကြည့်လို့ ရပါသလား။

ဦးဝင်းတင် ။ ။ ရတယ်ဗျ။ ဒါက ရှင်းရှင်းပြောရရင် ဒီ တရုတ်ကိစ္စက ကျနော်တို့ ဗမာပြည်က တရုတ်နဲ့ကပ်နေတယ်။ မရဘူးဗျ သက်ရောက်မှု ရှိမှာဘဲ။ ဘယ်လိုဖြစ်ဖြစ် သဘာဝဘဲ။ ကျနော်တို့ ဗမာပြည်ကို Hawaii ကို သွားပို့လို့လည်း မရတော့ဘူး။ ဒေါ်စု ပြောတဲ့စကားရှိပါတယ် အိမ်နီးနားချင်းဆိုတာ ကျနော်တို့ ရွေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သို့သော် ကျနော်တို့ဟာ ဘယ်တုန်းကမှ တရုတ်တပည်လည်း မဖြစ်ဘူး။ တရုတ်ကျွန်းလည်း မဖြစ်ခဲ့ဘူး။ တရုတ်ရဲ့  သြဇာခံလည်း မဖြစ်ခဲ့ဘူး။ သူဘာသာ သြဇာရှိရင် ရှိမှာဘဲ၊ အရှိန်အ၀ါလည်း ရှိရင်ရှိမယ်။ အရေးကြီးတာက တရုတ်အောက်ကို ကျနော်တို့ ဘယ်လောက်ရောက်လဲ၊ ကျနော်တို့ တရုတ်နဲ့ ဘယ်လောက်ပေါင်းပြီး ဒီမိုကရေစီရေးတွေ သို့မဟုတ် ကမ္ဘာ့အရေးတွေမှာ သို့မဟုတ် ဒေသအရေးတွေမှာ ကျနော်တို့ တရုတ်နဲ့ပေါင်းပြီးတော့ ဘယ်လောက်ထိ ဖျက်ဆီးသလဲပေါ်မှာဘဲ ကြည့်ရမယ်။ ဗမာပြည် တရုတ်ဘက် မရောက်ဖို့ဆိုပြီး စစ်အစိုးရနဲ့ အပေးအယူတွေ မလုပ်ပါနဲ့။ အဲဒီလို အပေးအယူ လုပ်ခြင်းဟာ မှားလိမ့်မယ်။ တရုတ်အောက် ရောက်ခြင်းမရောက်ခြင်းဆိုတာ ဗမာဘက် တဘက်တည်း ကြည့်ရုံနဲ့ မပြီးပါဘူး။ တရုတ်ဘက်ကိုလည်း ကြည့်ဖို့လိုပါတယ်။ ဒါ ညှိနှိုင်းရင် ရပါတယ်။ နိုင်ငံကြီးချင်း ဆက်ဆံရေးကိစ္စနဲ့လုပ်လို့ ရပါတယ် ပြောချင်ပါတယ်။


ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ဆရာအမြင်အနေနဲ့ မြန်မာစစ်အစိုးရကိုယ်တိုင်က တရုတ်ရဲ့  သြဇာခံမျိုးလား၊ သူတို့ကိုယ်တိုင် လိုလိုလားလား ဖြစ်ချင်တဲ့ သဘောရှိလား။

ဦးဝင်းတင် ။ ။ မရှိပါဘူး။ ကျနော်ထင်တယ် သူတို့လည်း ဘာဘဲပြောပြော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဦးဆောင်တဲ့ ဒီ စစ်အာဏာရှင်ယန္တယားကို မောင်းတင်နေတဲ့ လူများဆိုတာ ဘယ်တုန်းကမှ တရုတ်သြဇာခံ မလုပ်ခဲ့ဘူးဗျ။ ကုလားသြဇာခံလည်း မလုပ်ဘူး။ ကျနော်ပြောချင်တာက တရုတ်တပည်တော့ မခံပါဘူး စိတ်ချပါ။ အမေရိကန် နားမလည်းလို့။ အလားတူဘဲ ဗမာက အမေရိကန် တပည်လည်း မခံဘူး။ ဒါ ရှင်းပါတယ်။ စဉ်းစားဖို့က ခင်များတို့ဘာသာ တရုတ်ကိစ္စကို သေချာစဉ်းစားပါ။ အဲဒါအတွက်တော့ မလုပ်နဲ့။ ဗမာပြည်မှာ ပြဿနာဖြစ်နေတဲ့ စစ်အစိုးရ ဖယ်ရှားရေးကို လုပ်ပါ။ ဗမာပြည်မှာ ဒီမိုကရေစီနိုင်ငံဖြစ်ရင် ဗမာပြည်ဟာ ရပ်တည်နိုင်ပါတယ်။ တရုတ်တပည် ဘယ်တုန်းမှလည်းမဖြစ်ဘူး အဲဒီလိုဘဲ သဘောထားပါတယ်။ တပ်မတော်ကို ပြောတဲ့အခါမှာ ဒီ စစ်ခေါင်းဆောင်တွေဟာ တရုတ်တပည် မဖြစ်ပါဘူး။ စိတ်ချပါ မဖြစ်ပါဘူး။ မဖြစ်ချင်လို့လည်း ရှင်းရှင်းပြောရရင် အမေရိကန်က လက်ကမ်းတာနဲ့ တပြိုင်တည်း လက်လှမ်းဆွဲတာပေါ့ဗျာ။


ဦးရော်နီညိမ်း ။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆက်နွယ်နေတာက နောက်ဆုံးမြန်မာနိုင်ငံရဲ့  နိုင်ငံရေးအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို တွေ့ဆုံဆွေးနွေးဖို့ မေတ္တာရပ်ခံတဲ့ကိစ္စကိုလည်း ဗိုလ်ချုပ်မှုးကြီး လိုက်လျောကောင်းလိုက်လျောမယ်လို့ မျှော်လင့်နေသူလည်း ရှိနေပါတယ်။ တဖက်မှာလည်း ဗိုလ်ချုပ်မှုးကြီးဟာ အခုဆိုရင် သူတို့အတွင်းစည်းရဲ့  အစည်းအဝေးက ဒီနေ့ဆို စပါပြီ။ သူတို့ရဲ့  လေးလပတ်ဆိုတာ စစ်တိုင်းမှုးတွေ၊ တပ်မမှုးတွေ နောက်ပြီးတော့ စစ်ရုံးက စစ်ခေါင်းဆောင်တွေ အကုန်လုံးပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားတာကို သူကိုယ်တိုင် ချပြရင်ချပြလိမ့်မယ်။ သူကိုင်တိုင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို။ ဆိုတော့ ဆရာအနေနဲ့ ဘယ်လိုယူဆပါလဲ။

ဦးဝင်းတင် ။ ။ ဒါနဲ့ ပတ်သက်ပြီး ကျနော်ကို ဝေဖန်တဲ့ လူတယောက်က ပြောဘူးတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ ဒီနေ့ ဗမာရဲ့  နိုင်ငံရေးအတွက် ထွက်ပေါက်ဘဲ။ ဒီ ထွက်ပေါက်ကို တွေ့ဆုံဆွေးနွေးပွဲကို လုပ်တဲ့နေရာမှာ ကျနော်တို့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာလည်း သုံးထားတဲ့စကားလုံး ရှိပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များဘဲ တွေ့ရမယ်။ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ ဟိုဘက်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဒါဘဲ။ အဲဒီတော့ ဒီအနေအထားမှာရှိနေပေမယ့် ကျနော် ခဏခဏပြောတယ် စိတ်စေတနာပေါ်မှာ မူတည်တယ်။ စေတနာ မရှိဘူးဆိုရင်တော့ အများကြီး ခက်ခဲလိမ့်မယ်။ အဲဒီဟာ စေတနာမရှိခြင်းကလည်း စေတနာမထားခြင်းကလည်း စေတနာကို ဖော်ထုတ်ခြင်းမပြုခြင်းကလည်း ဒါ အခက်အခဲတခုဖြစ်တယ်။ ကျနော်က ဒီ တွေ့ဆုံဆွေးနွေးပွဲက ဖြစ်ဖို့လမ်းသိပ်မရှိလှဘူးလို့ တွက်တယ်။ သူတို့ဘက်က constitution အမျိုးသားညီလာခံကို ခေါ်တယ်၊ ပြီးတော့ စိတ်ကြိုက် constitution ဆွဲတယ်၊ အခု ရွေးကောက်ပွဲကို သွားဖို့ လုပ်နေတယ်။ အဲဒီအထဲမှာ သူတို့က ထပ်ပြီးတော့ အဟန့်အတားတခု ထပ်ဖြစ်နေတာ ဘာလဲဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေက လွန်ခဲ့တဲ့ (၂) နှစ်လောက်က ပြောခဲ့တဲ့စကား ရှိတယ်။ ဒေါ်စုအနေနဲ့ (၁) ထိပ်တိုက်ရင်ဆိုင်ရေးကို အကုန်လုံး စွန့်လွှတ်ရမယ်၊ (၂) အလုံးစုံ ပျက်သုန်းရေးဆိုတဲ့ ခြိမ်းခြောက်မှု အယူအဆကို စွန့်လွှတ်ရမယ်။ နောက်တခုက sanction တွေကိစ္စပေါ့။ တချို့ ကတော့ လေးချက်လို့ ပြောတယ် သာမန်အားဖြင့်တော့ သုံးချက်ပါ။ ဒေါ်စုက ဘာလုပ်လည်း သဘောထားကြီးကြီးနဲ့ ပြည်သူရဲ့  အကျိုးစီးပွားကို မျှော်လင့်ပြီးတော့ ကျမတို့ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုပြီး ကမ်းလှမ်းတာ။ သူတို့ ဒီနေ့အထိ ဘာစကားပြန်လဲ။ ဘာစကားမှ မတင်ပြဘူး။ ဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှုးကြီးက ချပြရင်တော့ မသိဘူး။ ဗိုလ်ချုပ်ကြီးက ငါလွန်ခဲ့တဲ့ (၂) နှစ်က ပြောခဲ့တဲ့ စကားအတိုင်းဘဲ၊ ငါတို့ တောင်းဆိုထားတဲ့ အချက် (၃) ချက် (၄) ချက်ကို သဘောတူရင် ငါ စကားပြောမယ်လို့ ပြောတဲ့အတိုင်းဘဲ ဒီအတိုင်းဘဲထားတယ်၊ ဒီ သဘောထား မပြင်ဘူးဆိုတဲ့ ပုံစံနဲ့ဘဲ ပြောမှာဘဲ။ ကျနော်က အဲဒီအတိုင်းဘဲ ယူဆတယ်။ အဲဒါကို ကျနော်ကို ပြောတဲ့လူတွေက ခင်များတို့ မထင်ရင် ဘာဖြစ်လို့ ဒါကို တောင်းဆိုနေသလဲ။ ဒီ တောင်းဆိုခြင်းနဲ့ ထင်မြင်ခြင်းက တခြားဘဲ။ မှန်တဲ့ဟာကို တောင်းရမယ်၊ မှန်တဲ့သဘောထားကို လုပ်မယ်။ ခင်များ မနက်ဖြန် နိဗ္ဗာန်ရောက်မလားလို့ ထင်သလားလို့ မေးရင် မထင်ဘူးပေါ့၊ သို့သော် နိဗ္ဗာန်ကိုတော့ မရည်မှန်းဘူးလား၊ ဆုမတောင်းဘူးလား ဒါ လုပ်မှာဘဲ။ နိဗ္ဗာန်ကို ဆုတောင်းမယ်၊ နိဗ္ဗာန်ကို မနက်ဖြန်ရောက်မယ်၊ သဘက်ခါ ရောက်မယ်၊ ဒီဘ၀ရောက်မယ်၊ နောက်ဘ၀ ရောက်မယ်ဆိုတာ မထင်ဘူးဆိုသလိုပါဘဲ။

ဦးရော်နီညိမ်း ။ ။ စစ်အစိုးရမှာက သဘာဝဓါတ်ငွေ့ရောင်းတဲ့ ၀င်ငွေက အရင်နဲ့မတူ အများကြီးရနေတဲ့အခါကြောင့် sanction ကို ရ ဂရုမစိုက်ဘဲနေမယ်ဆိုလည်း လောလောဆယ်မှာ ရေရှည်တော့မရဘူးပေါ့ နေနိင်တဲ့အနေအထားမှာ ရှိနေတယ်။ အဲဒီအတွက် အခုနလို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးရေး မေတ္တာရပ်ခံတာကိုလည်း လက်မခံဘူး ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း တပြားမှ မလျှော့ဘူးဆိုတာ ကြုံတဲ့မိန့်ခွန်းတိုင်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ပြောတယ် အဲဒီလိုမျိုးဖြစ်နေတဲ့အခါမှာ ဒီအမေရိကန်ဘက်က တိုက်ရိုက်ဘဲ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ လမ်းစဉ်ကို ပြလိုက်လိုသာ အခု အနည်းငယ် ပြေလျှော့လာတယ်ဆိုတဲ့ အနေအထားအပေါ် ရောက်လာပေမဲ့ တကယ်တမ်းက ဘာမှမပြေလည်ဘူး။ အဲဒီတော့ ပြေလည်ဖို့အတွက် ဘယ်လိုရှိမလဲလို့ မြင်ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော်မြင်တဲ့ဟာ ပြောရမယ်ဆိုရင် အခုနောက်ဆုံးပိတ် Mrs. Clinton ပြောလိုက်တဲ့ဟာ Mr. Campbell နဲ့ တွေ့တုန်းကလည်း ကျနော်တို့ ပြောလိုက်တဲ့စကား၊ အန်အယ်လ်ဒီက ပြောလိုက်တဲ့စကား အကောင်းဆုံးက ဘာလည်းဆိုတော့ ဒီ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးဆိုတဲ့ဟာကို ကမ္ဘာ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ EU ဟာမျိုးက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ အမေရိကန်တို့လို နိုင်ငံမျိုးက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ အခြားသော India လို နိုင်ငံမျိုးက ခိုင်ခိုင်မာမာ ရပ်တည်ပါ။ ကျနော် ကုန်ကုန်ပြောရရင် တရုတ်လည်း အဲဒီလို ရပ်တည်ပါလို့ ပြောချင်တယ်။ ဘာဖြစ်လို့ ပြောချင်လည်းဆိုတော့ တရုတ်လည်း all inclusive ကို လက်ခံထားတာကို ဖြစ်နေတယ်။ အဲဒီကနေ တဆင့်ကျော်သွားရင် ဟိုဘက်ကို ရောက်သွားတဲ့ လွှတ်တော်တို့ အစိုးရအဖွဲ့တို့ ပေါ်လာရင်လည်း အဲဒါတွေကို အသိအမှတ် မပြုဘူးဆိုတာနဲ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ပြောပါ။ ဒီနည်းနဲ့သာ ဒီစစ်အစိုးရရဲ့  အခုသူတို့ ရပ်တည်နေမယ့် အားကိုကြည့်ပြီးတော့ သူတို့ ဇွတ်သွားနေတဲ့လမ်းကို ပိတ်လို့ရမယ်၊ ပြင်လို့ရမယ်၊ ပြောင်းလို့ရမယ်လည်း ပြောချင်ပါတယ်။

- သူရိယမှ ကူးယူပါသည်။

(ဆက်ဖတ်ရန်.......)

ရန်ကုန်မြို့ကို မီးပေးရန် ညွှန်ကြားထား

အောင်ကျော်မိုး / ၂၆ နိုဝင်ဘာ ၂၀၀၉

လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလ မတိုင်မီ ရန်ကုန်မြို့ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “ရန်ကုန်ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးထားရမယ်ဆိုပြီး နေပြည်တော်ကနေ ကျနော်တို့ကို ညွှန်ကြားလာပါတယ်။ ကျနော်တို့ကလည်း ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားတော့ ဂက်စ်တာဘိုင်တွေ လည်ပေးဖို့လိုတယ်လို့ ပြန်တင်ပြတယ်။ ဒါနဲ့ နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနကိုလည်း ဆက်ပြီးညွှန်ကြားလိုက်တယ်။ ရန်ကုန်ကို တတ်နိုင်သမျှ ဂက်စ်တွေ ပို့ပေးဖို့။ အခု ဂက်စ်တွေ ရောက်လာတော့ ခါတိုင်းနှစ်တွေ ဂက်စ်မရှိလို့ မလည်နိုင်ဘဲ ဖြစ်နေတဲ့ ဂက်စ်တာဘိုင်တွေကို စမ်းပြီး လည်ပတ်နေတယ်။ ဂက်စ်သာ မှန်မှန်ရနေရင် ရန်ကုန်တတိုင်းလုံး လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးတာတောင် အရင်နှစ်တွေကလို ခွဲတမ်းနဲ့ ပေးစရာမလိုတော့ဘူး” ဟု ပြောသည်။

သို့သော် ခြောက်သွေ့ရာသီရောက်လာလေ မီးဆွဲအားများလာလေ ဖြစ်သည့်အတွက် မီးအားမနိုင်ဘဲ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမျိုးကို ကြုံရနိုင်သည်ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။

“စစ်အစိုးရက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ရန်ကုန်မှာ မီးမလာဘဲ ပြည်သူတွေ စိတ်ဆိုးဒေါသထွက်ကြမှာကို မလိုလားဘူး။ ဒါကြောင့် တတ်နိုင်သလောက် လျှပ်စစ်မီးပေးနိုင်ဖို့ ဂက်စ်ရလာအောင် ဆောင်ရွက်နေတာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့တွင် နှစ်စဉ် သြဂုတ်လ၌ လျှပ်စစ်မီး မှန်မှန်ရလေ့ရှိပြီး ခြောက်သွေ့ရာသီ နိုဝင်ဘာလဆန်းခန့်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားသောကြောင့် လျှပ်စစ်မီးကို ခွဲတမ်းဖြင့်သာ ရလေ့ရှိသည်။

၂ဝဝ၉ ခုနှစ်တွင်မူ နေပြည်တော်၌ သုံးစွဲသည့် လျှပ်စစ်ဓာတ်အား ပမာဏ များလာခြင်း၊ ရန်ကုန်ရှိ ဂက်စ်တာဘိုင်များ လည်ပတ်ရန် ဂက်စ် ပံ့ပိုးမပေးခြင်းတို့ကြောင့် မိုးတွင်း၌ပင်လျှင် လျှပ်စစ်ဓာတ်အားရရှိမှု လျော့နည်းခဲ့သည်။

နအဖစစ်အစိုးရသည် လောလောဆယ် ဂက်စ်တာဘိုင်များ လည်နိုင်ရေးအတွက် ဂက်စ်များ ပို့လွှတ်ပေးရုံမက လာမည့်နှစ်၌ ရန်ကုန်တွင် ဂက်စ်လုံလုံလောက်လောက် ရရှိနိုင်ရန် မုတ္တမ - ရန်ကုန် (၂၄) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအသစ်ကို သွယ်တန်းလျက်ရှိပြီး အဆိုပါပိုက်လိုင်းကို လာမည့် ၂ဝ၁ဝ မေလ၌ အပြီးသွယ်တန်းနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ အထက်မြန်မာပြည်ဘက်တွင်လည်း အပြီးမသတ်နိုင်သေးသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စက်တလုံးကို စမ်းသပ်လည်ပတ်ရန် စတင်တည်ဆောက်နေပြီး အဆိုပါစက် လည်ပတ်ရေးအတွက် ဒုဌဝတီမြစ်ရေကိုပိတ်ပြီး ဆည်ရေများ စတင်စုဆောင်းနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၅-၂ဝဝ၆ နှစ်မှစ၍ စုစုပေါင်း စက်တပ်ဆင်အား မီဂါဝပ် (၁၆ဝဝ) ကျော်သာရှိသည့်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏမှာလည်း ကီလိုဝပ် သန်းပေါင်း (၆,ဝဝဝ) ကျော်မှ မတိုးတက်ဘဲရှိနေသည်မှာ ယခုတိုင်ဖြစ်ကြောင်း အငြိမ်းစား တိုင်းလျှပ်စစ်အင်ဂျင်နီယာဟောင်းတဦးက ပြောသည်။

၎င်းက “ရန်ကုန်အပါအ၀င် တိုင်းနဲ့ပြည်နယ်အသီးသီးမှာတော့ လျှပ်စစ်မီတာတွေ တိုးမြှင့်ရောင်းချခဲ့လို့ ၀င်ငွေကျပ် (၃၈) ဘီလီယံကနေ (၁၆၀) ဘီလီယံလောက်အထိ (၅) ဆနီးပါး တိုးလာပေမယ့် လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေကတော့ တနေ့တခြား ဆိုးနေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးအဖွဲ့သည် ဂက်စ်ရရှိနိုင်သမျှဖြင့် လျှပ်စစ်ဓာတ်အား ပေးနေသောကြောင့် ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခြင်း မရှိသော်လည်း မီးအား မလုံလောက်သဖြင့် မကြာခဏ မီးပြတ်တောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။(ခေတ်ပြိုင်)




(ဆက်ဖတ်ရန်.......)

ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ယွင်းနေဟု အန်အယ်ဒီပြော

ဆလိုင်းဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 25 ရက် 2009 ခုနှစ် 18 နာရီ 26 မိနစ်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ကျန်းမာရေးအခြေအနေ ချို့ယွင်းနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သွေးတိုးရောဂါကို ဆိုးဝါးစွာ ခံစားနေရပြီး ဆေးဝါးများ ပို့ဆောင်ရန် မိသားစုဝင်များအနေဖြင့် စီစဉ်နေကြောင်း သိရသည်ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောဆိုသည်။

“သွေးတော်တော်တိုးနေတယ် ပြောတယ်။ နှလုံးမကောင်းဘူးဆိုတဲ့ သဘောပေါ့ဗျာ။ တော်တော်တော့ အနေအထား မကောင်းဘူးလို့ ပြောတယ်။ စိတ်ဓာတ်ကတော့ ကောင်းပါတယ်တဲ့။ သူ့အိမ်က ပြောလိုက်တာပေါ့လေ။ ဆေးတော့ ပို့ဖို့စီစဉ်နေတယ် ပြောတယ်” ဟု သူက ပြောသည်။

အဖွဲ့ချုပ်မှ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဒေါက်တာသန်းငြိမ်းနှင့် ဒေါက်တာဝင်းနိုင်တို့ စက်ဘီးတိုက်ခံရသည့် သင်္ဃန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ဇနီးကို သွားရောက် အားပေးသွားရာမှ အပြန်တွင် ကိုမင်းကိုနိုင်၏ မိဘများထံ ဝင်ရောက်တွေ့ဆုံစဉ် မိသားစုက ကိုမင်းကိုနိုင်၏ ကျန်းမာရေး အခြေအနေကို ပြောပြသဖြင့် သိရခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်တွင် သွေးတိုးရောဂါအပြင် အရိုးကျီးပေါင်းတက်၊ အဆစ်အမြစ် ကိုက်ခဲခြင်းနှင့် နှလုံးရောဂါများလည်း ခံစားနေရသည်။

မိသားစုဝင်များသည် ဝေးလံလှသည့် ကျိုင်းတုံထောင်သို့ လစဉ်လတိုင်း သွားရောက်နိုင်ခြင်း မရှိဘဲ ၂ လတခါ သို့မဟုတ် ၃ လတခါသာ ထောင်ဝင်စာ သွားတွေ့နိုင်ကြောင်းနှင့် ခရီးတခေါက်အတွက် ကုန်ကျစရိတ်မှာ ကျပ် ၂ သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရက ခွဲတမ်းဖြင့် ပေးနေသော ဓာတ်ဆီ၊ ဒီဇယ်နှင့် သဘာဝ ဓာတ်ငွေ့များကို ယခင်ထက် ၅ ဆခန့်အထိ မြှင့်တင်လိုက်သဖြင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြသောကြောင့် အခြားသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များနှင့်အတူ ဥက္ကဋ္ဌဖြစ်သူ ကိုမင်းနိုင်လည်း စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မအူပင်မြို့ ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၆၅ နှစ် ချမှတ်ပြီးနောက်၊ မိသားစုနှင့် ဝေးကွာသည့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခံ ခဲ့ရသည်။

ကိုမင်းကိုနိုင်နှင့် အဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသည့် လူထုအုံကြွမှုကြီး ဖြစ်ပွားစဉ်က ပါဝင်ဦးဆောင်ခဲ့သူများဖြစ်ကာ ယခင်ကလည်း ထောင်ဒဏ် ၇ နှစ်မှ နှစ် ၂၀ အထိ ချုပ်နှောင်ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

ထောင်မှ လွတ်မြောက်ပြီးနောက် သူနှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက လူ့အခွင့်အရေး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့ အကြမ်းမဖက်နည်းလမ်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တောင်ကိုရီးယားနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ အမြင့်ဆုံးဆု ဂွမ်ဂျူး အပါအဝင် နိုင်ငံတကာက ဆုပေါင်း ၆ ဆု ချီးမြှင့်ခဲ့သည်။(မဇ္ဈိမ)

(ရဲရင့်အောင် တည်းဖြတ်သည်။)



(ဆက်ဖတ်ရန်.......)

“ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့ ...”

Wednesday, 25 November 2009
ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။

ဖြေ။ ။ US Campaign for Burma က Jeremy Woodrum နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ။
အာဏာရှင်တွေရဲ့အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြောင်းကိုတော့ဖြင့် ကမ္ဘာကို သိစေချင်တယ်၊ နောက်ပြီးတော့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလည်း သိစေချင်တယ်လေ။

မေး။ ။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိတဲ့ အခြေအနေမှာ သူ့အကြောင်းကို ရေးတာဆိုတော့ အချက်အလက်တွေ ဘယ်လို ရယူ စုဆောင်းခဲ့ပါသလဲ။

ဖြေ။ ။ အခက်အခဲတွေတော့ တော်တော်များများတွေ့ရပါတယ်။ ပထမဆုံးကတော့ သူ့အကြောင်း တိကျတဲ့ အချက် အလက်တွေ စုစည်းတဲ့အခါမှာပေါ့။ သူနဲ့တိုက်ရိုက်ထိတွေ့ခွင့် မရနိုင်တဲ့အပြင် သူနဲ့ နီးစပ်တဲ့သူတွေနဲ့တောင် မေးမြန်း ထိတွေ့ဖို့ဆိုတာက ကျနော်တို့အဖို့ အတော်လေးကို ခဲယဉ်းပါတယ်။ နောက်တခုကတော့ ကျနော်ရော Jeremy ပါ မြန်မာလို မပြောတတ်တော့ မြန်မာလို ရေးထားတဲ့ ရှိနေတဲ့ အကြောင်းချက်လက်တွေကို လေ့လာဖို့မှာ အတော်အခက်ခဲ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်သန်းရွှေအကြောင်းကို သိတဲ့သူပေါ့၊ သူနဲ့ ဆက်ဆံမှုရှိခဲ့ဖူးတဲ့၊ စစ်တပ်ကနေ ထွက်လာတဲ့ လူတယောက်ဆီကနေ အချက်အလက်တချို့ ရခဲ့ပါတယ်။ နောက်ပြီးတော့ သူနဲ့ ထိတွေ့ ဆက်ဆံဖူးတဲ့ သံတမန်တွေဆီကနေလည်း အချက်တချို့ရခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ကြီးတော့ မထိတွေ့ရပေမယ့်၊ အခက်အခဲတွေရှိပေမယ့် ဒီလို သွယ်ဝိုက်တဲ့နည်းတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ အတော် စုဆောင်းရခဲ့ပါတယ်။

မေး။ ။ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းရေးတော့ အဲ့ဒီ စာအုပ်ဟာ မြန်မာ့အရေးကို ဘယ်လိုများ အထောက် အကူပြုမလဲ။

ဖြေ။ ။ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာကို အုပ်ချုပ်နေသူတွေရဲ့ သဘောသဘာဝကို မီးမောင်းထိုးဖော်ပြပြီး အခုဖြစ်နေတဲ့ အခြေအနေကို ပြောပြ တာပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ သူ့နဲ့အတူ စစ်ခေါင်းဆောင်တွေဟာ ဘယ်လိုပုံမျိုး တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာကို ပေါ်လွင်သွားပြီး ကမ္ဘာမှာ နိုင်ငံတကာမှာ သူ့အကြောင်းကို သိပြီး သတိချပ်စရာတွေ တွေ့လာမယ်။ ဒီလိုဆိုရင် ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် တနည်းတဖုံ အထောက်အကူဖြစ်ပါလိမ့်မယ်။

မေး။ ။ သူ့အကြောင်းကို အခုလိုရေးတဲ့အခါ ခင်များတွေ့လိုက်ရတဲ့ သူဟာ ဘယ်လိုလူစားမျိုးလို့ ပြောနိုင်မလဲ။

ဖြေ။ ။ ကျနော့်အမြင်ကတော့ သူဟာ သူများတွေထင်တာထက် အတော်လေးကို ဉာဏ်ထက်တဲ့သူပါပဲ။ သူဟာ အခုလို နေရာ၊ အထက်ကိုရောက်လာခဲ့တာကိုကြည့်ရင် သူဟာ အရည်အချင်းရှိတဲ့သူတယောက်လို့လည်း ပြောလို့ရပါတယ်။ စစ်တပ်ထဲမှာ သူ့လူတွေကို စီမံခန့်ခွဲတာ၊ နေရာချထားတာ၊ အာဏာခွဲဝေပေးတာတွေ၊ နောက်ြပီးတော့ သူ့ပြိုင်ဘက်၊ သူ့ကို အတိုက်အခံလုပ်တဲ့သူတွေအပေါ် တုံ့ပြန်တာ ဆက်ဆံတာတွေကိုကြည့်ရင်လည်း သူဟာ အတော်ကို အတွေ့အကြုံ ရင့်ကျက်ပြီး နည်းဗျူဟာ၊ ပရိယာယ်ဆင်တာတွေမှာ ကျွမ်းကျင်တာကိုတွေ့ရတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ အပိုင်း၊ စိတ်ဓာတ်စစ်ဆင်ရေးမှာလည်းပဲ သူဟာ သေချာလေ့ကျင့်ထားခြင်းခံရသူတယောက်ဖြစ်တယ်။

အဲဒီစိတ်ဓာတ်ပိုင်းကိုလည်း သူက သေချာအသုံးချတာကို တွေ့ရတယ်။ ရှင်းလင်းမြင်သာတာကတော့ သူဟာ တချို့သော နေရာတွေမှာ ငြီးငွေ့စိတ်ကုန်စရာကောင်းတဲ့ သူတယောက်ပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ အဲ့ဒီလိုပုံစံဟာ တဘက်မှာလည်း သူ ဟာ လျို့ဝှက်တဲ့ သူတယောက်ဖြစ်စေတယ်ဗျ။ သူဟာ အခုလို နေရာ မရောက်လာခင်အထိ သူ့မှာ ဘယ်လိုအရည်အချင်း တွေရှိတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာမျိုးကို မဖော်ပြဘဲထားတတ်တာက သူအခုလို အောင်မြင်တဲ့သူ တယောက် ဖြစ်လာစေတဲ့ လျို့ဝှက်ချက်လို့ ပြောရမယ်ပေါ့ဗျာ။ သူ့အထက်က လူကြီးတွေက သူ့ကို သတိထားမိတာမျိုး၊ အထက်ကလူတွေအပေါ် အန္တရာယ်ရှိမယ့်ပုံမျိုး မပေါက်တော့ သူဟာ နေရာတွေရလာပြီး အထက်ပိုင်းကို ရောက်လာ တာပေါ့ဗျာ။

သူနဲ့နီးစပ်တဲ့ သူတော်တော်များများရဲ့ ပြောပြချက်အရ ဟိုးအရင်တုန်းကတော့ သူဟာ တကယ့်ကိုသာမန်နေထိုင်မှု စရိုက်နဲ့ပဲ ရှိခဲ့တယ်။ အခုလိုမျိုး အာဏာတပ်မက်မှုကြောင့် စာရိတ္တခြစားတဲ့ သူမဟုတ်ဘူးပေါ့။ ကျနော့်အမြင်ကတော့ အခုအချိန်မှာတော့ သူဟာ ရထားတဲ့ အာဏာကို တည်မြဲဖို့၊ သူ့မိသားစု၊ သူ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ပဲ လုပ်နေတဲ့သူ တယောက်ပေါ့။ နောက်တခုကလည်း ရှေးက ထင်ရှားခဲ့တဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့။ ဒါကြောင့်လည်း နေပြည်တော် ဆိုပြီးလုပ်တယ်။ ထင်ရှားတဲ့ ဘုရင်သုံးပါးရဲ့ ရုပ်တုကြီးတွေလုပ်ထားတယ်။ သူ့ရဲ့အနေအထားကတော့ စိတ်ဝင်စားစရာ ရောထွေးနေတာပေါ့လေ။ တဘက်မှာ ငြီးငွေ့ စိတ်ကုန်စရာကောင်းသလို တဘက်မှာကျတော့လည်း ရှေးဘုရင်စနစ်တွေ၊ ဗေဒင်လက္ခဏာတွေရဲ့စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးမှုတွေ ရှိနေတာပေါ့လေ။

မေး။ ။ ဒီစာအုပ်ရေးရင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အချက်အလက်တွေစုဆောင်းရင်း တွေ့ကြုံရတဲ့ အမှတ်တရလေးတွေ ရှိရင် ပြောပြပေးပါလား။

ဖြေ။ ။ ရှိတယ်ဗျ။ ရယ်စရာလို့ပဲ ပြောရမလားတော့ မသိဘူးပေါ့။ ကျနော်တို့ သူ့အကြောင်း စုဆောင်းတုန်းမှာ သိရတာ တခုပေါ့ဗျာ။ ကျနော့်ကို တယောက်က ပြောပြတာပေါ့ဗျာ။ တနေ့ သူတို့ မိသားစု ဈေးဝယ်သွားတဲ့ အခါမှာ စတိုးဆိုင်တခု မှာ မီးစက်တခုကို သွားတွေ့တယ်ပေါ့။ အဲ့ဒီမီးစက်ကို သူက သဘောကျတော့ သူ့အိမ်ကို ပို့ခိုင်းတယ်ဆိုတာမျိုးပေါ့ဗျာ။ ကျနော့်အတွက်ကတော့ ဒီလုပ်ရပ်ဟာ အတော်လေးကို အဓိပ္ပာယ်မရှိဘူးပေါ့ဗျာ။ သူ့အနေနဲ့ ဒီမီးစက်ကို အလွယ်တကူ ၀ယ်လို့ရတယ် မဟုတ်လား။ သနားစရာ ဆိုင်ရှင်ကတော့ သူ့မီးစက်လေး ဆုံးရှုံးသွားရတာပေါ့ဗျာ။ အဲ့ဒီလိုမျိုး ဇာတ်လမ်း လေးတွေ အများကြီးဗျ။ နောက်တခုက သူမေမြို့မှာ ရှိနေတုန်းက သူစားချင်တဲ့ ကိတ်မုန့်ပေါ့ဗျာ။ အဲ့ဒါကို ညကြီး သူ့လူ တွေကို လိုက်ရှာခိုင်းတာမှာ မေမြို့မှာ သူ့လူတွေက ရှာမတွေ့ဘူးဗျ။ အဲ့ဒါနဲ့ မန္တလေးကိုဆင်းပြီး ဆိုင်ရှင်ကိုနှိုးပြီးတော့ အဲ့ဒီကိတ်ကို ချက်ခြင်းလုပ်ခိုင်း၊ ပြီးတော့ ညတွင်းချင်းကြီး မေမြို့ကို ပြန်သယ်သွားရတယ်ဆိုတာမျိုးလေးတွေပေါ့။ ဒါက ကျနော်တို့အတွက်က ရယ်စရာလေးဖြစ်နေတာပေါ့ဗျာ။

မေး။ ။ ဒီစာအုပ် ဘယ်တော့လောက် ထွက်မှာပါလဲ။

ဖြေ။ ။ အခုဆို ဒီစာအုပ်က ပုံနှိပ်နေတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ဘယ်အချိန်လောက် ထုတ်မယ်ဆိုတာကတော့ ထုတ်ဝေသူပေါ်မူတည်တာပေါ့။ ၂၀၁၀ နှစ်ဦးပိုင်းလောက်တော့ ထွက်လာမယ်လို့ မျှော်လင့်ထားတယ်။ ကျနော်တို့ကတော့ ဒီစာအုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဖို့ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် သူဟာ ဘယ်လိုအခြေအနေ ဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ တခုခုပြောင်းလဲသွားရင် လူတွေစိတ်ဝင်စားမှု နည်းသွားမယ်ပေါ့။ မဟုတ်ဘူးလား။ ကျနော်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်စေချင်ပြီ။ ။

ဧရာဝတီမှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်.......)


(ဆက်ဖတ်ရန်.......)

“ရွှေပြည်နန်း သနပ်ခါး”ကို ဖိလစ်ပိုင်က ဆုချီးမြှင့်

Wednesday, 25 November 2009 18:47 သန်းထိုက်ဦး

ဖိလစ်ပိုင်နိုင်ငံမှ ပေးသော ၂၀၀၈ ခုနှစ် အရည်အသွေးဆိုင်ရာ 2008 Global Excellence Awards (GEA)နှင့် ၂၀၀၉ ခုနှစ် သုံးစွဲသူ အကြိုက် 2009 People's Choice Awards ဆု တို့ကို မြန်မာနိုင်ငံရှိ “ရွှေပြည်နန်း” သနပ်ခါး ကုမ္ပဏီအား ချီးမြှင့် လိုက်သည်။

အဆိုပါ ဆုများအား လက်ခံရရှိသည့် အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် ယမန်နေ့က ကျင်းပခဲ့ပြီး၊ ဖိလစ်ပိုင် နိုင်ငံ မှ ၎င်းတို့၏ ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်ပေးအပ်ကြောင်း ရန်ကုန်မြို့ ရွှေပြည်နန်း ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဖိလစ်ပိုင်မှာ သနပ်ခါးကို ဖြန့်ချီဖို့အတွက် ကိုယ်စားလှယ်ထားတယ်၊ သူ့နည်း သူ့ဟန်နဲ့ ရောင်းတယ်၊ ရောင်းရင်းနဲ့ သူတို့ ဖိလစ်ပိုင်မှာရှိတဲ့ ဒီဖိလစ်ပိုင် လူမျိုးတွေက ကြိုက်လို့ဆိုပြီး သူတို့က ဒီ သနပ်ခါးဟာ ကောင်းတယ်လို့ အသိအမှတ်ပြု ခံရလို့ အဲဒါကြောင့် ဒီဆုကို ရတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ရွှေပြည်နန်း သနပ်ခါးများကို ထိုင်း၊ ဖိလစ်ပိုင် နှင့် မလေးရှားနိုင်ငံတို့တွင် ရောင်းချလျက်ရှိပြီး၊ ကိုရီးယာနိုင်ငံသို့ တင်သွင်းရန် စီစဉ်ထားကြောင်းသိရသည်။ ၎င်း သနပ်ခါးနှင့် ရေမွှေး အပါအ၀င် စသည့် အသုံးအဆောင် ပစ္စည်း အမျိုးအစား ၂၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ယင်း GEA သည် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုတခု ဖြစ်ပြီး အဆင့်မီ အလှကုန်ထုတ်လုပ်သူများ၊ ကုမ္ပဏီများ၊ လူများနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို ချီးမြှင့်ပေးခြင်းဖြစ်သည်။ ၎င်း GEA ဆုသည် ၁၉၉၃ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ၁၅ နှစ်သက်တမ်းရှိပြီဖြစ်သော Asia Pacific Awards ( APEA ) ဆုမှ ခွဲထွက်လာသော ဆုဖြစ်သည်။

သက်တမ်း ၁၈ နှစ်ခန့်ရှိ ရွှေပြည်နန်း ကုမ္ပဏီသည် ထိုကဲ့သို့ မြန်မာ့သနပ်ခါး အား ကမ္ဘာနှင့် မိတ်ဆက်ပေးရန်အတွက် ရိုးရာအလှကုန် ပြခန်းကို ပုဂံတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းပြခန်းတွင် ပြသရန်အတွက် နှစ်ပေါင်း ၁၀၀ ရှိ ရှားပါးသနပ်ခါး အပင်နှင့် သွေးရန်အတွက် ကျောက်ပြင်ကို ၁၉၉၉ ခုနှစ်က မြန်မာပြည်တ၀န်း လိုက်လံစုဆောင်းခဲ့ကြောင်း သတင်းများ ဖော်ပြချက် များအရ သိရသည်။

ထို့အပြင် မြန်မာ့သနပ်ခါးသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး မြန်မာနိုင်ငံရောက် ခရီးသွားများအတွက် ၀ယ်ယူကြသည့် အလှကုန် တမျိုးလည်း ဖြစ်သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Tuesday 24 November 2009

မိုးလေဝသသတင်း သိလိုက ငွေပေးဝယ်ယူရမည်

Tuesday, 24 November 2009 17:59 အောင်သက်ဝိုင်း

စစ်အစိုးရက ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ကို ၀င်ငွေရှာရမည် ဟူသော ညွှန်ကြားချက်ကြောင့် ယခုအခါ အဆိုပါဌာနက မိုးလေ၀သသတင်း များကို အခမဲ့ မဖြန့်ဝေတော့ဘဲ အခကြေးငွေနှင့်သာ ရောင်းချနေသည်ဟု သတင်းရရှိသည်။

မိုး/ဇလ ဌာနသည် စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းများသို့ မိုးလေ၀သ သတင်းနှင့် ခန့်မှန်းချက်များ အခမဲ့ ဆက်လက်ပေးပို့နေသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိအဖွဲ့အစည်းများအနေနှင့် ရာသီဥတု ဆိုင်ရာ အချက်အလက်များ သိရှိလိုပါက အဆိုပါဌာနမှ အခကြေးငွေပေး ၀ယ်ယူရမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုး/ဇလ ဌာန အရာရှိတဦးက ပြောကြားသည်။

မိုး/ဇလ ဌာနကို ၀င်ငွေရှာရန်အတွက် ၀န်ကြီးရုံး၏ ညွှန်ကြားချက်အရ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေကိုယ်တိုင် ပြောဆိုခိုင်းစေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဌာနသည် မိုးလေ၀ သသတင်းကိုသာ ဦးစားပေးထုတ်ပြန်သော ဌာနဖြစ်သည့်အတွက် ၀င်ငွေရှာနိုင်သော အခွင့်အလမ်း မရှိသောကြောင့် မိုးလေ၀သ ဆိုင်ရာ အသေးစိတ် သတင်းအချက်အလက်များကို အခကြေးငွေ ယူ၍ ရောင်းချရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

“တီဗီနဲ့ သတင်းစာမှာ နေ့စဉ်ပါတဲ့ မိုးလေ၀သ သတင်းနဲ့ ခန့်မှန်းချက်ထက်ပိုပြီး သိချင်တဲ့ ရာသီဥတုသတင်း အသေးစိတ် အချက်အလက်တွေကို အရင်ကလို အလကားမပေးတော့ဘူး။ ဌာနမှာ လာဝယ်ရမှာပါ” ဟု နေပြည်တော် မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူး တဦးက ဆိုသည်။

ရာသီဥတုဆိုင်ရာ မိုးလေ၀သသတင်း အသေးစိတ်အချက်အလက်များကို ၀ယ်ယူရာတွင် ဈေးနှုန်း သတ်မှတ်ထားခြင်းမရှိဘဲ မိမိသိရှိလိုသော သတင်းအပေါ်မူတည်ပြီး ကုန်ကျစရိတ် အနည်းအများ ကျသင့်မည်ဟုလည်း သိရသည်။

“အခုနောက်ပိုင်း ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး ပြောကြဆိုကြတယ်။ ကျနော်တို့ဌာနကိုလည်း အဲဒါနဲ့ ပတ်သက်ပြီး မေးကြ၊ မြန်းကြတယ်။ ဒါကြောင့် ဌာနက ရာသီဥတုဆိုင်ရာ သတင်း အသေးစိတ်အချက်အလက်တွေပါတဲ့ ကွန်ပျူတာ CD နဲ့ ရောင်းပေးဖို့ရှိတယ်” ဟု အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ကမ္ဘာ့နိုင်ငံများတွင် မိုးလေ၀သနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို အခမဲ့ဖြန့်ချိပြီး အင်တာနက်ပေါ်တွင် အလကားရရှိနိုင်ချိန်၌ စစ်အစိုးရ၏ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အခကြေးငွေယူ၍ ရောင်းချသည်မှာ ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟု ပြည်တွင်း သတင်းစာဆရာကြီးတဦးက သုံးသပ်သည်။

“ရာသီဥတု သတင်းဆိုတာက နိုင်ငံတနိုင်ငံအတွက်တင်မကဘူး၊ တကမ္ဘာလုံးအတွက်လည်း အရေးကြီးပါတယ်။ လူသားတွေရဲ့ စားဝတ်နေရေး၊ သေရေး ရှင်ရေးတွေက မိုးလေ၀သသတင်းတွေပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာမှာ မိုးလေ၀သသတင်းတွေ အလကားရနေတာကို မြန်မာနိုင်ငံမှာ ပိုက်ဆံပေးဝယ်ရမယ်ဆိုတော့ လူရယ်စရာကြီးပဲ” ဟု
ထိုသတင်းစာဆရာကြီးက ဆိုသည်။

မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနတွင် မိုးလေ၀သအခြေအနေများ စမ်းသပ်တိုင်းတာနိုင်သည့် ခေတ်မီ စက်ပစ္စည်းများ တပ်ဆင်ပေးရန် တင်ပြခဲ့သော်လည်း အာဏာပိုင်များက တပ်ဆင်ပေးခြင်းမရှိကြောင်း၊ ထိုဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို တာဝန်မှ အနားပေးခဲ့ခြင်းသည် ဌာနတွင် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ရန် တင်ပြသည့်ကိစ္စ၊
မိုးလေ၀သ သတင်းများကို အခကြေးငွေယူ ထုတ်ပြန်ရန် ငြင်းဆိုသည့် ကိစ္စများနှင့် ဆက်စပ်နေကြောင်းလည်း ကြားသိရသည်။

၂၀၀၈ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက် တိုက်ခတ်စဉ် မြန်မာနိုင်ငံ မိုး/ဇလ ဌာနသည် မုန်တိုင်းသတင်းကို အချိန်မီ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေကြေပျောက်ဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အငြိမ်းစားပေးခြင်းခံရသည့် ဦးထွန်းလွင်နေရာတွင် ဒေါက်တာသိန်းထွန်းက ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး မိုးလေ၀သ သတင်းများ ရောင်းချခြင်း လုပ်ငန်းကို အသေးစိတ် ကိုင်တွယ်နေရသည်ဟု
သတင်းရရှိသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ

ခိုင်လင်း / ၂၄ နိုဝင်ဘာ ၂၀၀၉

မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တလျှောက်၌ ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေပြီး အချို့ဒေသတွင် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များက ငွေကြေးစိုက်ထုတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီးမြို့နယ်အတွင်းမှ အချို့သော ဒေသခံများကို တရုတ်လုပ်ငန်းရှင်များက ငွေကြေးများ စိုက်ထုတ်ပေးကာ တနိုင်းမြို့အနောက်ဘက်ဒေသရှိ တနိုင်းခချောင်းနှင့် တဂါးခချောင်းတလျှောက် စစ်ကိုင်းတိုင်းနယ်စပ်နှင့် တနိုင်းမြို့၏ တောင်ပိုင်းဒေသတလျှောက်တွင် စိုက်ပျိုးနေကြသည်ဟု မကြာသေးမီက အဆိုပါဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည့် ကချင် အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “မိုးကောင်း၊ နမ္မတီးဘက်က နယ်ခံတွေ တဦးကို ဧက ဆယ်ချီ၊ ရာချီ လုပ်နေတာ။ နေ့စားအလုပ်သမားတွေကိုလည်း အများကြီးငှားပြီး လုပ်နေတာ။ လုပ်အားခက တရက်ကို ကျပ် သုံးထောင်ကနေ သုံးထောင့်ငါးရာ ရှိတယ်။ လုပ်အားခရှင်းတာကို တရက် တရက် သိန်းပိုင်းရှိလို့ ငွေအားများများနဲ့ အကြီးအကျယ် လုပ်နေတာ။ သိရတာက သူတို့တွေက ငိုစား ရယ်စားပဲ။ တရုတ်တွေက ငွေစိုက်ထုတ်ပေးထားတယ်။ ဘိန်းထွက်လာရင် ဝေစုထဲကနေ ထပ်ရဦးမယ်” ဟု ပြောသည်။

နမ္မတီးနှင့် တနိုင်းမြို့ ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လဝကျေးရွာမှစ၍ တနိုင်းအထိ လမ်းဘေး တောတောင်များတွင် စိုက်ပျိုးနေကြပြီး လမ်းတလျှောက်ရှိ ကျေးရွာအာဏာပိုင်များက ဘိန်းစိုက်တောင်သူများထံမှ ငွေကြေးကောက်ခံကာ နယ်မြေခံ စစ်တပ်များကို ဆက်ကြေးပေးဆောင်နေရသည်ဟု ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သူ တနိုင်းဒေသခံတဦးက ပြောသည်။

၎င်းက “လီဒို လမ်းတလျှောက်မှာ စိုက်တာက လမ်းဘက်က မမြင်ရအောင်တော့ စိုက်ရတာပေါ့။ ကျေးရွာလူကြီးတွေက သူတို့ ရွာနားစိုက်တဲ့သူတွေဆီက ငွေကောက်ပြီး၊ တနိုင်း ဒကစ (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)၊ မိုးကောင်း စကခ (အမှတ်-၃ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်) တို့က တပ်တွေကို ငွေပေးရတယ်၊ သူတို့လည်း နည်းနည်းပါးပါးတော့ ရမှာပေါ့။ အခုက စိုက်တောင်ပြီးနေပြီ။ ဘိန်းခြစ်တဲ့အချိန်ကျရင် ငွေပြန်ကောက်ပြီး ထပ်ပေးဖို့ ရှိသေးတယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသတွင် ဘိန်းခင်းအများအပြား စိုက်ပျိုးထားပြီး တရုတ်နိုင်ငံသား ကျပန်းအလုပ်သမားများ မြန်မာပြည်ဘက်သို့ ယခုနှစ် မိုးတွင်းပိုင်းက သွားရောက်ကာ နေ့စားလုပ်ခ စရိတ်ငြိမ်း တရုတ်ငွေ (၅ဝ) ယွမ် (ယခုငွေလဲနှုန်းအရ မြန်မာငွေ ကျပ် ၇,ဝဝဝ) ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ လာမည့် ဘိန်းခြစ်ရာသီတွင် ထပ်မံသွားရောက်ရန် အားခဲနေကြကြောင်း တရုတ်ပြည်၊ ထိန်ချုံးဒေသခံတဦးက ပြောသည်။

၎င်းက “ထိန်ချုံးခရိုင်ထဲက ကူရုံးနယ်သားတွေ သွားလုပ်တာများတယ်၊ စားပြီးသောက်ပြီး ယွမ် (၅ဝ) ဆိုတော့ လုပ်အားခ မဆိုးဘူးလို့ ပြောရမှာပေါ့။ ဘိန်းစိုက်တဲ့အချိန်ဆိုရင် တောခုတ်၊ မီးရှို့၊ မြေပေါက်၊ မြေသြဇာထည့်နဲ့ တလလောက်လုပ်ရတယ် ပြောတယ်။ အစေးခြစ်တဲ့အခါလည်း အဲလို (၁၅) ရက်၊ တလလောက်ထိ လုပ်ရတယ်တဲ့။ အဲဒါကြောင့်မို့ ဘိန်းစိုက်ချိန်၊ အစေးခြစ်တဲ့အချိန်ဆိုရင် ဒီဘက်မှာလည်း အလုပ်သမားတွေ ရှားသွားလို့ လုပ်အားခတွေတောင်ဈေးတက်တယ်၊ နှစ်တိုင်းပဲ အဲလို ဖြစ်နေတာ” ဟု ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးဆောင်ရွက်နေ၍ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းလာသည်ဟု ပြောဆိုနေချိန်တွင် ယခင်က ဘိန်းစိုက်ပျိုးမှု နည်းပါးသည့် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းဖြစ်သည်။(ခေတ်ပြိုင်)




(ဆက်ဖတ်ရန်.......)

Monday 23 November 2009

ACR News

ACR News Nov 22



(ဆက်ဖတ်ရန်.......)

ချင်းခရစ်ယာန်ကျောင်းသားများကို အာကာပိုင်များက ဖိနှိပ်နှောက်ယှက်


စစ်ကိုင်း တိုင်း ကလေးမြို့နယ် နည်းပညာ တက္ကသိုလ် (ကလေး) အနီးရှိရပ်ဝေး ကျောင်းသားများ အဓိက အခြေချရာ ထိုမာကျေးရွာ အုပ်စု သာယာဝတီရွာရှိ ခရစ်ယာန်ဘာသာဝင် နည်းပညာကျောင်းသားများ၏ အဆောင်တစ်ခု ဆောက်လုပ်ရန် စုဆောင်းထားသော အိမ်ဆောက်ပစ္စည်းများသိုလှောင်ရာ မိုးကာတဲတစ်ခု ကို ကျောင်းပိတ်ချိန်ကိုအခွင့်ကောင်းယူပြီး လူရမ်းကားတစုမှသော့ဖောက်ဝင်ရောက်ကာ ဖျက်ဆီးသွားကြောင်း နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ထိုနေရာသို့ရောက်ရှိခဲ့သူ ကျောင်းသားတစ်ဦးထံမှ သိရှိရပါသည်။

ယင်းအဆောင်သည် အဆောင်နေကျောင်းသားများ ဘုရားဝတ်ပြုခြင်းများ ပြုလုပ်နိုင်ရန်နှင့်ရပ်ဝေးမှလာသော ဆင်းရဲခက်ခဲသည့် ကျောင်းသားများ စရိတ်သက်သာစွာဖြင့် နေထိုင်ကျောင်းတက်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။၎င်း အဆောင်ကို ဆောက်လုပ်နိုင်ရန်အတွက် ကျောင်းသူကျောင်းသား များက သူတို့၏ မုန့်ဖိုးထဲမှ ခွဲထုတ် စုဆောင်းခဲ့ကြသည်မှာ(၉)နှစ်ကျော် ကြာပြီ ဖြစ်သည်။၂၀၀၅ခုနှစ်တွင် မြေကွက်များ ဝယ်ယူနိုင်ပြီး ဖြစ် ရာ ထိုနေရာတွင် အုတ်မြစ်ကိုလည်း စနစ်တကျ ချနိုင်ခဲ့သည်။သို့သော်၂၀၀၆နှင်၂၀၀၇ခုနစ်များ၌် အခက်အခဲ အမျိုးမျိုးကြောင့် ဆက်လက်မဆောက်လုပ်နိုင်တော့ပေ။ဤသို့ဖြင့်၂၀၀၈ခုနစ်နိုဝင်ဘာလ၂၇နေ့၌ အုတ်မြစ်ပေါ် ၌တိုင်ထောင်ကာ ဆက်လက်ဆောက်လုပ်ခဲ့ရာ ကလေးမြို့ မယက ဥက္ကဌ ဦးကိုကိုလတ် ဦးဆောင်၍ မတရား တားမြစ်လာသဖြင့် ဆောက်လက်စကို လက်စမသတ်တော့ပဲ ချက်ချင်းရပ်နားခဲ့ကြသည်။


ထိုကဲ့သို့ ရပ်နားခဲ့သော်လည်း စစ်အစိုးရအလိုကျ ပြုမူလုပ်ဆောင်ကြသည့် ကြံ့ဖွံ့နှင့်စွမ်းအားရှင် လူမိုက်များက ကျောင်းသားများ လုပ်အားဖြင့်ထောင်ထားသော တိုင်အားလုံးကို ဥပဒေမဲ့ လူစုလူဝေးအားကိုး၍အာဏာပိုင်များ ၏ မြောက်ပေးမှုဖြင့် ဆွဲံလှဲပြီး တိုင်ထောင်ရန်ချထားသော သံဖိနပ်အုတ်ခုံများကိုလည်း ထုခွဲဖျက်ဆီးခဲ့ကြသည်။ ထိုပြင် အိမ်ဆောက်ရန်နှစ်ရှည်လရှည်စုဆောင်းထားသော သစ်သားများကို သာယာဝတီ ရယကဥက္ကဌ အိမ်သို့ နွားလှည်းဖြင့် မတရားသဖြင့် သိမ်းဆည်းသယ်ဆောင်သွားကြသည်။အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ စစ် ကိုင်းတိုင်း ကလေးမြို့ဒကစမှုးထံတိုင်ကြားခဲ့သော်လည်း ယနေ့တိုင်အောင် တရားမျှတသည့် ဖြေရှင်းချက် တစုံ တခုမှထွက်မလာခဲ့ပေ။ယင်းကဲ့သို့ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ မျက်မြင်ကျောင်းသားတစ်ဦးက ဖျက်ဆီးခဲံ့သည့်
ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း၂၀ကျော်ရှိကြောင်း ပြောကြားခဲ့ပါသည်။

သို့ဖြစ်၍ ဖျက်ဆီးသိမ်းဆည်းမထားဘဲ ကျန်နေခဲ့သည့်သစ်သားစများကို ထိန်းသိမ်းသိုလှောင်ရန် မိုးကာတဲ တစ်ခုကို ဇွန်လ(၆)နေ့တွင်ကျောင်းသားများက ဆောက်လုပ်ခဲ့ရာ မရက ဥက္ကဌ ဦး ကိုကိုလတ်မှ ထပ်မံတားဆီး လာပြန်သဖြင့် တဲကိုအပြီးတိုင်မဆောက်လုပ်ရဘဲ ရပ်နားခဲ့ရပြန်ပါသည်။မိုးကာတဲဆောက်လုပ်ခြင်းနဲ့ပတ်သက် ၍ တာဝန်ရှိသူကျောင်းသားတချို့ကို ကျောင်းအုပ်ကြီးက ဖိအားပေးခြိမ်းခြောက်စေခဲ့သည်မှာကြံ့ ဖွံ့၊စွမ်းအားရှင် စသည့် စစ်အစိုးရတုတ်ကိုင်များနှင့်ကျောင်းသားများပြဿနာတက်မည်ကို စိုးရိမ်လာသဖြင့် ဖျက်ဆီးခြင်းများ
မပြုဘဲနေခဲ့ရာမှ ယခုလအတွင်း ဤကဲ့သို့ ပြုမူလာခဲ့ကြခြင်းဖြစ်သည်။ ယခုတကြိမ် ဖျက်ဆီးမှုနဲ့ပတ်သက်ပြီး ယင်းနေရာသို့ ရောက်ရှိသူကျောင်းသားတစ်ဦးက " တိုင်နှစ်ခုကို ဓားနှင့်ပြတ်အောင်ခုတ်ထားတာ တွေ့ရတယ်။
တခြားတိုင်တွေလည်း ခုတ်ထားတာ တွေ့ရတယ်။ပြတ်အောင်တော့ မခုတ်ဘူး။အပေါ်မှာ မိုးထားတဲ့ မိုးကာ တွေအကုန်ဆွဲဖြဲခံရတယ်။"ဟု ဆက်လက်ပြောကြားခဲ့ပါသည်။"ရွာ သားတွေ မေးကြည့်မယ်လုပ်တော့ မေးလို့ သိပ်မရဘူး။ ကျောင်းသားတွေနဲ့ ပြသနာတက်မှာ ကြောက်တယ်ထင်တာပဲ။ဘယ်သူတွေ ဖျက်ဆီးတာ ၊ဘယ် ချိန်မှာ ဖျက်တာတို့ မသိရဘူးဗျ။ " ဟု ဖြစ်ပျက်ပုံကိုဆက်လက်ရှင်းပြခဲ့ပါသည်။

၂၀၀၈ ခုနှစ်နိုဝင်ဘာလတွင်မြို့နယ်နှင့်ကျေးရွာ အာဏာပိုင်များပူးပေါင်းဖျက်ဆီးသော အိမ်ဆောက် ပစ္စည်း တန်းဖိုးကျပ်သိန်းပေါင်း၂၀ကျော်နှင့်စာလျှင် ယခုဖျက်ဆီးမှုပမာဏမှာမပြောပလောက်ကြောင်း အဆိုပါ ကျောင်း သားထံမှသိရှိရပါသည်။ယင်းအဖြစ်အပျက်များကို သုံးသပ်ကြည့်မည်ဆိုပါက ဗိုလ်ချုပ်သာအေး၊ ဗိုလ်မှုးချူပ် ဟုန်းငိုင်းနှင့်ဗိုလ်မှုးချုပ် ၀င်းမြင့်တို့၏နိုဝင်ဘာလ ပထမအပတ်တွင် သွားရောက်ခဲ့ကြသည့် အနှစ်နှစ်ဆယ်(၂၀)
အတွင်း ပထမဆုံးအကြိမ် ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ၍ချင်းတောင်ဒေသ၏ထောက်ခံမှု ရရှိရေးအ တွက် ရွေးကောက်ပွဲအကြိုစည်းရုံးရေးခရီးစဉ်အတွင်း ဗိုလ်ချုပ်သာအေးမှဘာသာရေး ခေါင်ဆောင်များ အပေါ် ပြောဆိုဟောကြားခဲ့သည့် သမ္မာကျမ်းစာထဲမှခရစ်ယာန်ယုံကြည်မှုနှင့်ဆိုင်သော ဘုန်းကြီးစာချတရားများသည် အပေါ်ရံ သက်သက်သာသာ ဖြစ်ကြောင်း ချင်းတောင်ခြေရှိ Technological University of Kalayကျောင်း ရှိရာ သာယာဝတီရွာမှကြံ့ဖွံ့နှင့်စွမ်းအားရှင်လူမိုက်များ၏ဥပဒေမဲ့ရမ်းကားသည့်အဖြစ်အပျက်များက သက်သေပြခဲ့ ပြီးဖြစ်သည်။

ဓါတ်ပုံများကို ဆက်လက်ဖော်ပြသွားပါမည်။

ပြည်တွင်းသတင်းကို မေးလ်မှတဆင့်မူရင်းအတိုင်းဖော်ပြပါသည်။


အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
ကိုမိုးဇက်(Moses) ၀၈၉-၂၇၀-၅၆၄၃

(ဆက်ဖတ်ရန်.......)

Saturday 21 November 2009

တိုင်းရင်းသားပြည်သူများ အလိုလားအပ်ဆုံးဖြစ်ပြီး နအဖစစ်အုပ်စု ဆောင်ရွက်ရန် အခက်အခဲဆုံး ဖြစ်နေသော အမျိုးသား ပြန်လည်သင့်မြတ်ရေး

စနေနေ့၊ 21 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်
“မိမိတို့ အာဏာလိုချင်မက်မော၍ မဟုတ် မလွဲသာမရှောင်သာ၍ အာဏာသိမ်းခဲ့ရပါသည် မကြာခင် စစ်တန်းလျားသို့ ပြန်ပါမည် ” ဆိုသော သမိုင်းဝင်စကားကို ၁၉၈၈ ခုနှစ်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကော်စီ) ဥက္ကဌစစ်အာဏာ သိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ကမ္ဘာသိ ပြောကြားခဲ့သည်။

ထိုအခြင်းအရာသည် န၀တ စစ်ဗိုလ်ချုပ်ကြီးများ အုပ်စိုးလာသော နှစ် ၂၀ ကျော် ကာလတစ်လျှောက် ၎င်း တို့ ကိုယ်တိုင် ပြောခဲ့သော ကတိစကားပေါင်းများစွာကို အကြိမ်ကြိမ်ချိုးဖေါက်ပြခဲ့သည့်အထဲမှ ထင်ရှားသောသာရက တစ်ခုမျှသာ ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အနိုင်ရပါတီအား အာဏာ လွဲ မပေးခဲ့သည့်အပြင် ဒီမိုကရေစီအရေးကြိုးပမ်းသူများအား လူမဆန်စွာ နှိပ်ကွပ်လာခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းမှ ကျောခိုင်းလာခဲ့သည့် ခြေလှမ်းအစအဖြစ် တွေ့မြင်နိုင်မည်ဖြစ်သည်။

၎င်းအပြင် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးရေးကို ငြင်းဆန်နေပြီး ကရင် ကရင်နီ သျှမ်းစသည့် တိုင်းရင်းသား နယ်မြေများ အတွင်းရှိ လူမျိုးစု လက်နက်ကိုင် သူပုန်များအား နအဖစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိရာအပြစ်မဲ့ ပြည်သူများ၏ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှု များ တိုင်းရင်းသူများအား မုဒိန်းကျင့်မှုများ အပါ အ၀င် အခြားသော စစ်ရာဇ၀တ်မှု များစွာကို ကျူးလွန်လျှက်ရှိသဖြင့် တိုင်းရင်းသားအရပ်သား စစ်ဘေးဒုက္ခ သည် သိန်းနှင့်ချီ၍ အိုးအိမ်မဲ့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များက န၀တ နအဖ စစ်အုပ်စု အဆက်ဆက်မှ အာဏာတည်မြဲရေး ကြိုး ပမ်းရာတွင် တိုင်းရင်းသားများနှင့် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးရန် မလိုလားကြောင်းပြသသည့် လက္ခဏာ ရပ် ဖြစ်သည်။

အခြား တဘက်တွင်လည်း ရဟန်းသံဃာတော်များ လူနည်းစုတိုင်းရင်းသားခေါင်းဆောင်များ ဒီမိုကရေစီအခွင့် အရေး ရုန်းကန်ကြိုးပမ်းနေသူများ အမျိုးသမီးများစွာတို့သည် အကျဉ်းထောင်များ အတွင်း၌ နှစ်ရှည်ထောင် သွင်းအကျဉ်းချ ခြင်းကို ခံနေကြရသည်။

နောက်ဆုံးရရှိသည့် စာရင်းများအရပင် အောက်တိုဘာလအတွင်း၌ နိုင်ငံရေးလှုပ်ရှားသူ ၈၁ ဦးထက်မနည်းကိုဖမ်းဆီး ထားပြီး အကျဉ်းထောင်များတွင်လည်း နိုင်ငံရေးအကျဉ်းသားဦးရည် ၂၁၀၀ ကျော်ကို ထောင်သွင်းအကျဉ်းချထားဆဲ ဖြစ်ကြောင်း အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က စာရင်းထုတ်ပြန် ထားသည်။

နအဖစစ်အုပ်စုအား လက်နက်ကိုင်တိုက်ပွဲဝင်နေဆဲဖြစ်သော ALP , CNF , KNPP, KNU ,SSA ပါဝင်သည့် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် စစ်ရေးမဟာမိတ်အဖွဲ့က တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်နေမှု ကိုတုန့်ပြန် သည့်အနေဖြင့် ကြေငြာချက်ထုတ်ပြန်ရာတွင် လူမျိုးစုများအပေါ် အကြမ်းဖက်တိုက်ခိုက်စစ်ဆင် မှုများအားအမြန်ဆုံး ရပ်ပေးရန် ၊ တပြည်လုံးအပစ်အခတ်ရပ်ဆဲရေး ကြေငြာပေးရန်၊ အနှစ်သာရ ရှိသည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီး နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ ကို တောင်းဆိုခဲ့ကြသည်။

တိုင်းရင်းသားပြည်သူများက နိုင်ငံရေးပြသနာများ အားတွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ယုံကြည်ထားကြသည့်အလျှောက် နအဖစစ်အုပ်စုအား အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် တစိုက်မတ်မတ်တောင်းဆိုနေဆဲလည်း ဖြစ်သည်။

၁၉၉၈ ခုနှစ်က အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးအဖြေရှာလိုကြောင်း ပန်ကြားစာတစ်စောင်ကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ကရက် စသည့် တိုင်းရင်းသားပါတီ ၄ ခုက နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံတိုက်ရိုက် လိပ်မူ ၍ပေးပို့ခဲ့ကြသည်။

ပန်ကြားစာ အနှစ်ချုပ်ကတော့ -“တပ်မတော်သည် နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် နိုင်ငံရေးပါတီ များ ဖွဲ့စည်းခွင့်ပေးခြင်း တရားမျှတပြီးလွပ်လပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေး ခြင်း တို့သည် ဒီမိုကရေစီအရေးရှေးရှူသော ကောင်းမြတ်သည့် ဆောင်ရွက်မှုဖြစ်ကြောင်း သို့သော်ရွေးကောက် ပွဲရလဒ် အား အကောင်အထည်မဖေါ်ပေးခြင်းသည် မြန်မာ့သမိုင်းတွင် အမဲစက်ဖြစ်နေပါကြောင်း”

“လက်ရှိဖြစ်ပေါ်နေသော အကြပ်အတည်းများဖြစ်သည့် နိုင်ငံရေး စီးပွားရေး လူမှုရေးနှင့် တိုင်းရင်းသားလူမျိုး များ အရေးများမှ လွပ်မြောက်ရေးအတွက် ဖြေရှင်းနိုင်သော နည်းလမ်းမှာ တပ်မတော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီအင်အားစုများ ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအမျိုး သားပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံရေးအရအဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင် မည် ဟု အလေးအနက် ယုံကြည်ကြောင်း” ရေးသားတင်ပြထားသည်။

သို့သော်လည်း နအဖစစ်အုပ်စုက အဆင့် ၇ ဆင့်ပါဝင်သည့် နိုင်ငံရေးလမ်းပြမြေပုံကိုသာ နိုင်ငံတော်ရှေ့ဆက် သွားရမည့် လမ်းစဉ်အဖြစ် ဆုပ်ကိုင်ထားကာ ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်သူမှန်သမျှအား လူမ ဆန်စွာနှိပ်ကွပ်ပြခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်ကို မထေမဲ့မြင် ပြုလုပ်လျှက်ရှိသည်။

ယနေ့ဆိုလျှင် နအဖစစ်အုပ်စုက တကမ္ဘာလုံး၏ လိုလားတောင်းဆိုမှုများကို မျက်ကွယ်ပြုကာ ၎င်းတို့စိတ်ကြိုက် အာဏာယူနိုင်မည့် ၂၀၀ဂ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်စေမည့် ဒီမိုကရေစီအမည်ခံ စစ်အုပ်ချုပ်ရေး စနစ်အား အသက်သွင်းလုဆဲဆဲ ကာလသို့ ချဉ်းကပ်ရောက်ရှိလာလေပြီ။

မြန်မာနိုင်ငံရေးပြဿနာများအား နအဖတဘက်သတ်ရေးစွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက မဖြေရှင်းနိုင် ကြောင်း လက်ရှိအခြေအနေများက ပြသနေသောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေး ကြရန်တောင်းဆိုသံ များ က တစထက်တစ ကျယ်လောင်လာသည်။

အထက်ပါ အခြေအနေများသည် မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်မှ အတိတ်နှင့် မျက်မှောက်ကာလတို့ကို ထင်ဟပ် လျှက်ရှိကာ ယခုရောက်ရှိနေသည့် လိပ်ခဲတည်းလည်းအခြေအနေတွင် အနာဂါတ်ကိုပုံဖေါ်ရန်လည်း အကြပ် အတည်းများနှင့်ရင်ဆိုင် နေရဆဲဖြစ်သည်။

နအဖစစ်အုပ်စုဘက်တွင်လည်း တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအား မထေမဲ့မြင်ပြု သူများ လူ့အခွင့်အရေးချိုးဖေါက်သော စစ်ရာဇ၀တ်ကောင်များအဖြစ် စွပ်စွဲခံနေရသည့် သမိုင်းအမဲ စက်ကြီး စွန်းထင်းပေကျံ လျှက်ရှိကာ ၄င်းတို့၏ လူမဆန်စွာ နှိပ်ကွပ်မှုများအောက်တွင် တိုင်းရင်းသားပြည်သူ အများစု မှာလည်း လူမှု့ဆင်းရဲ ဒုက္ခမျိုးစုံကို ခါးစီးခံနေကြရသည်။

လတ်တလော ထူးခြားမှုတစ်ခုအပေါ်အချို့သော လေ့လာသူများက မျှော်လင့်ချက်တစ်ခုအဖြစ် ပြောဆိုနေ ကြသည်။

နအဖစစ်အုပ်စုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရေး ရှေ့တန်းတင်သော အမေရိကန်ပြည်ထောင်စု၏ သဘောထားကို တစ်လျှောက်လုံး ဆန့်ကျင်လာခဲ့သော်လည်း မစ္စတာအိုဘားမား အမေရိကန်သမ္မတဖြစ်လာ ပြီး နောက်ပိုင်း ပြောင်းလဲလာသော ပေါ်လစီအသစ်ကြောင့် နှစ်ပေါင်းများစွာ အဆက်အသွယ် ဖြတ်ထားသည့် အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံ အဆက်အသွယ်ပြန်လုပ်လာခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်းကပင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော အမေရိကန်အဆင့်မြင့်သံသမန်အဖွဲ့ မြန်မာ နိုင်ငံ သို့လာရောက်ခဲ့ရာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားကိုယ်စား လှယ်များ စစ်ကောင်စီဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နှင့် တွေ့ဆုံသွားခဲ့သည်။

ယခုလိုတွေ့ဆုံမှုချိန်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ပြောဆိုသံများလည်း ရေပန်းစားလာပြန်ပြီဟု ဆို
ရမလိုဖြစ်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုမှ မြန်မာ့နိုင်ငံရေးဇတ်ခုံတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပတ်သက်လာသောအခါ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက်အဖြစ် ပြောဆိုလာခြင်းဖြစ်သော်လည်း ဆန့်ကျင်ဘက် အရ နောက်ထပ် မေးခွန်းတစ်ခုမေးရန်လည်း လိုအပ်မည်ဖြစ်သည်။

နအဖစစ်အုပ်စုက ၎င်းတို့ ဆုပ်ကိုင်ထားသည့် စစ်ဗိုလ်တမတ်သားပါဝင်သည့် စိတ်ကြိုက်ရေးဆွဲထားသော၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအတိုင်း လာမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမည်ဟု ကမ္ဘာသိကြေငြာထား သည့်အပြင် နအဖ ၀န်ကြီးများနှင့် ၎င်းတို့နှင့်နီးစပ်သူများက ရွေးကောက်ပွဲအတွက် ခြေပုန်းခုတ်ပြင်ဆင်မှုများ ပင်လုပ်ဆောင်နေ ကြောင်း စောင့်ကြည့်လေ့လာ သူများက ပြောနေကြသဖြင့် တိုင်းရင်းသားပြည်သူများ လိုလား နေသောအမျိုးသား ပြန်လည်သင့်မြတ်ရေးသည် မျှော်လင့်စရာများရှိအုံးမလား ဆိုသောမေးခွန်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးမူကို ဆုပ်ကိုင်ထားသော ရခိုင်ဒီမိုကရေစီအဖွဲ့မှ ဦးအေးသာအောင်က အမေရိကန်အဆင့် မြင့် သံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု့ အပေါ် သူ့အမြင်ကို ခေတ်ပြိုင်သတင်းဌာနသို့ပြောကြားရာတွင်

“ဖွဲ့စည်းပုံကိုသာ မပြင်ဘူးဆိုရင် ရွေးကောက်ပွဲကိုမ၀င်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲကိုဆုပ်ကိုင်ပြီး တော့ပဲတိုင်းရင်းသား ပါတီတွေအနေ နဲ့ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးတွေအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် ဆက်လက် တိုက်ပွဲဝင်ကြဖို့သဘောထား ရှိပါတယ် ” ပြောဆိုသွားသည်။

နအဖစစ်အုပ်စုက အတိုက်အခံဒီမိုကရေစီ အင်အားစုများနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ အကြပ် အတည်းမှ ယာယီလွတ်မြောက်ရာ ထွက်ပေါက်အဖြစ် ပြုလုပ်ခဲ့သော ဟန်ပြ တွေ့ဆုံပွဲသာဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ပြုလုပ်ခဲ့သည့် ယုံကြည်မှုတည်ဆောက်ရေးကာလ မှာလည်း ဒီပဲရင်းအကြမ်းဖက်လုပ်ကြံ တိုက်ခိုက်မှု့ကြောင့် ပျက်စီးသွားခဲ့ကာ ရွှေဝါရောင်တော်လှန်ရေးအပြီး စစ် ကောင်စီ၏ ဆက်ဆံရေးကိုယ်စားလှယ် ဦးအောင်ကြည်နှင့် ဆွေးနွေးပွဲများမှာလည်း အရာမထင်ပဲရှိ နေခဲ့သည်။

ခေါင်းမာနေသောစစ်အုပ်စု အတွက် တိုင်းရင်းသားလက်နက်ကိုင် ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ထောင်သွင်းအကျဉ်းချနေခြင်းများ နည်းပေါင်းစုံဖြင့် လူ့အခွင့်အရေး ချိုးဖေါက်မှု များ ဆက်တိုက်ကျူးလွန်လေလေ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခက်ခဲလေလေ ဖြစ်နေအုံး မည်မှာ သေချာသည်။

ထိုအခါ ယခု တွေ့ဆုံဆွေးနွေးမှုများမှာ ၂၀၁၀ ရွေးကောက်ပွဲအား အမေရိကန်အသိအမှတ်ပြုခံရရေးအတွက်ဟန်ပြမျှ သာပြုလုပ်နေခြင်းဟု ထင်မြင်ကြမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ မျှော်လင့်ချက်မှာ သဲထဲရေသွန်ဖြစ် သွားပေမည်။

တိုင်းရင်းသားအားလုံးနှင့် ဒီမိုကရေစီအင်အားစုများက ခိုင်မာစုစည်းသော ဘုံရပ်တည်ချက် တစ်ခုပေါ်တွင်ကျော ခြင်းကပ်ရပ်တည်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်သည်။(သျှမ်းသံတော်ဆင့်)

(ဆက်ဖတ်ရန်.......)

ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်

NEJ / ၁၇ နိုဝင်ဘာ၂၀၀၉
၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီးတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။

ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။

မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။

မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေးအသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။

ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော်သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော်ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။

မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။

ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာမဟုတ်ဘူး။
အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီးအုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့က ထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနားဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။

မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင်ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန်ကိစ္စတွေပဲ ကျနော်ရိုက်မယ်။
နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်းလုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီးလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလိုအနုပညာသမားတယောက်လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ်ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။

မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။
ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော်လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။

မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။

ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီးရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ပေးနေတာပေါ့။

မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။

ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြားကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။

မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီးလာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။

မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေအားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေများတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင်လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်းကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော်ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက်လိုက်ဖွင့်ပေးထားတယ်။

မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစုရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကိုပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။
ခေတ်ပြိုင်ဂျာနယ်မှကူးယူသည်။

(ဆက်ဖတ်ရန်.......)

၂၀၁၀ အမီ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်နိုင်ဟု အိုင်တီလောက သုံးသပ်

မေကျော် / ၂၀ နိုဝင်ဘာ ၂၀၀၉
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတကာနှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှုကို မြန်မာဘာသာသုံး အခမဲ့အီးမေးလ်စနစ်ဖြင့် စစ်အစိုးရက ပိတ်ပင်နိုင်သည်ဟု အိုင်တီပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။

မြန်မာဘာသာသုံး အီးမေးလ်စနစ်ကို စစ်အစိုးရ၏ ရတနာပုံတယ်လီပို့က တည်ဆောက်နေပြီး ပြည်တွင်း Bandwith ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ဖော်ပြသည့် ပြည်တွင်းထုတ် Flower News ဂျာနယ်သတင်းကို ကိုးကားပြီး သုံးသပ်ကြခြင်း ဖြစ်သည်။

“ပြည်တွင်း Bandwith ဆိုရင်တော့ အင်ထရာနက် သဘောမျိုးလုပ်တာပဲ။ အင်ထရာလို့ပဲ ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အီးမေးလ်ကို မြန်မာလိုသုံးဖို့ဆိုတာက တော်တော်တော့ မလွယ်ဘူးလေ။ ဥပမာ နိုင်ငံခြားသားကို မြန်မာလိုပို့လိုက်မယ်ဆိုလို့ ရမလား။ သူပြောတာဆို ပြည်တွင်းသုံး အင်ထရာနက်သဘောဖြစ်ဖို့ များတယ်” ဟု ပြည်တွင်း အိုင်တီပညာရှင်တဦးက ပြောသည်။

လက်ရှိ အနေအထားအရလည်း ပြည်တွင်းစာပို့မှုအတွက် အင်တာနက် အီးမေးလ်ကို အသုံးပြုခြင်းထက် နိုင်ငံတကာနှင့် ဆက်သွယ်ရေးအတွက် ပိုမိုအသုံးပြုနေကြခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ နိုင်ငံတကာနှင့် ချိတ်ဆက်သည့် အင်တာနက်မြန်နှုန်း (၁.၅) ဂီဂါဘိုက်သာရှိသဖြင့် ပြည်တွင်းစာပို့အသုံးပြုမှုကို ပြည်တွင်း Bandwith ခွဲခြားအသုံးပြုခြင်းဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသည့် အင်တာနက် မြန်နှုန်းမြင့်လာမည်ဟု အကြောင်းပြပြောဆိုထားသည်။

ပြည်တွင်း Bandwith ဖြင့် အင်ထရာနက်အဖြစ် လုပ်ဆောင်လိုက်ပါက အများပြည်သူအတွင်း သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်လာမည်ဟု ခန့်မှန်းကြသည်။

စင်ကာပူအခြေစိုက် မြန်မာ အိုင်တီပညာရှင်တဦးကမူ “အင်တာနက်ပဲ လွတ်လွတ်လပ်လပ် ဖြစ်သင့်တယ်။ အခုက သူတို့က မြန်တာ နှေးတာထက် သူတို့ များများ control လုပ်နိုင်မှာကို ရည်ရွယ်တာပါ။ သူတို့ လူတွေကို အင်တာနက် မြန်မြန်ဆန်ဆန် သုံးစေချင်တဲ့ စေတနာရှိမယ်လို့ ထင်သလား” ဟု ဆိုသည်။

အင်ထရာနက်စနစ်ကို ယခင်ပုဂံဆိုက်ဘာတက်ခ် စတင်ကာစက Mail4u အဖြစ် အသုံးပြုခဲ့ဖူးပြီး ၀င်လာသည့်စာများကို စစ်ဆေးကြပ်မတ်ခဲ့သည်။

အင်ထရာနက်စနစ်က ချိတ်ဆက်ထားသော network အတွင်းသာ အသုံးပြုနိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းများတွင် အသုံးပြုသော စနစ်တခုဖြစ်သည်။ အင်တာနက်ကဲ့သို့ ကမ္ဘာတလွှား ချိတ်ဆက်နိုင်မည်မဟုတ်ဘဲ ယင်းစနစ် ချိတ်ဆက်ထားသည့် ဒေသတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။

“အီးမေးလ်လည်းရတယ်။ ပြီးတော့ customized software တွေလည်းပါတယ်၊ နက်ဝေါ့ခ်အတွင်းမှာ ဘယ်သူသုံးသုံးရတယ်။ အပြင်ကတော့ ၀င်လို့ရဘူး။ အီးမေးလ်တွေကအစ အကုန် filter ရှိပြီးသား” ဟု အိုင်တီပညာရှင်က ပြောသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်း ဦးဆောင်အကောင်အထည်ဖော်နေသည့် ရတနာပုံ ဆိုက်ဘာစီးတီးက လာမည့် ဒီဇင်ဘာ (၂၄) ရက်တွင် ပြုလုပ်မည့် အိုင်စီတီပြပွဲတွင် ယင်း မြန်မာစာစနစ်သုံး အီးမေးလ်စနစ်ကို စတင်မိတ်ဆက်မည်ဟု ဆိုသည်။

စစ်အစိုးရက ယခုလက်ရှိ အင်တာနက် စာပို့စနစ်ကို တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဘဲ အသုံးပြုသူများမှာ အီလက်ထရောနစ် အက်ဥပဒေနှင့် ငြိစွန်းနေသည်။(ခေတ်ပြိုင်)





(ဆက်ဖတ်ရန်.......)

ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ

ဆလိုင်းပီပီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 19 ရက် 2009 ခုနှစ် 14 နာရီ 56 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ မြို့တော် အိုက်ဇောတွင် စုရုံးရောက်ရှိနေသည်။

နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့၊ ကျောင်းသားများ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားကောင်စီ (CNC) ၏ ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းက သူတို့သည် ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးနိုင်ရန် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စုရုံးရောက်ရှိနေကြပြီဟု ပြောဆိုလိုက်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ယခုလ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပမည့် ချင်းအမျိုးသားညီလာခံသို့ ဂျာမဏီ၊ အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံများ စသော အလွန်ဝေးကွာသည့် နေရာများမှ ကိုယ်စားလှယ်များပင် လာတက်ကြသည်။

''ညီလာခံမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာက ၂ဝ၁ဝ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု ရာလ်နှင်းက ပြောသည်။

ဤဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားကြောင်း သူက ပြောသည်။ ညီလာခံသို့ တက်ရောက်သည့် CNC အကြံပေးတဦးမှာ ဟန်ညောင်ရွှေ ဖြစ်သည်။ သူသည် ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်၏ သားဖြစ်ကာ ဘရပ်ဆဲလ်ရှိ ယူရိုဘားမားရုံး (EBO) ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

ဤသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားသဖြင့် ချင်းအမျိုးသားများကြား၌ စိတ်ဝမ်းကွဲပြားမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ တက်ကြွလှုပ်ရှားသူ အများအပြားက ဤညီလာခံသည် တရားမဝင်ကြောင်းနှင့် ဤညီလာခံက သူတို့၏ နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မည်ကိုလည်း ခွင့်မပြုနိုင်ကြောင်း ပြောဆိုကြသည်။

CNC ကို ၂ဝဝ၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ချင်းအမျိုးသားညီလာခံကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်တခုဖြစ်သော မဏိပူရှိ ‘Mount Sinai’ တွင် ကျင်းပပြုလုပ်ခဲ့သည်။ CNC ၏ ပင်မအဖွဲ့အစည်းများတွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ မရာပြည်သူ့ပါတီ (MPP)၊ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) တို့ ပါဝင်သည်။

CNLD, MPP, ZNC တို့မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ရှိကြသည့် နိုင်ငံရေးပါတီများဖြစ်ကြပြီး၊ CNF မှာ ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် ချင်းကျောင်းသားများနှင့် လူငယ်များက ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင် ခုခံဆန့်ကျင်ရေး အဖွဲ့တခု ဖြစ်သည်။

ညီလာခံအတွင်း ရာလ်နှင်းက CNC ၏ ဖွဲ့စည်းပုံကို လူထုအခြေပြု အဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်အဖွဲ့အစည်းများတို့ဖြင့် ပင်မအဖွဲ့အစည်းဝင်များအဖြစ် တိုးချဲ့ဖွဲ့စည်းရန်ရှိသည်ဟု ပြောဆိုခဲ့သော်လည်း ချင်းတိုင်းရင်းသား ချိုမျိုးနွယ်စုများနှင့် ဖွဲ့စည်းထားသည့် ချိုတိုင်းရင်းသားကောင်စီ (CEC) ၏ ဥက္ကဋ္ဌ ကီးလဲအောင်ကမူ ချင်းတိုင်းရင်းသား အားလုံးအကြား ညီတူညီမျှ ကိုယ်စားပြုခွင့် မရရှိသည့်အတွက် CNC ၏ လက်ရှိမူဝါဒများကို သူတို့ သဘောမတူနိုင်ကြောင်း ပြောကြားသည်။

အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက် ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားမျိုးနွယ်စု ၅ဝ ကျော် နေထိုင်ကြသည်။ ယင်းတွင် မျိုးနွယ်စုငယ်များ၊ ဆွေမျိုးစုများလည်း ထပ်မံပါရှိသည်။ ယင်းကြောင့် ကွဲပြားသော မျိုးနွယ်စုများအကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားစေခဲ့သည်။

''သူတို့က သူတို့အဖွဲ့ကို ချင်းအမျိုးသားကောင်စီလို့ ခေါ်ပေမယ့် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားမပြုဘူး။ CNC ဟာ မျိုးနွယ်စုအခြေခံတဲ့ အဖွဲ့အစည်းဖြစ်သင့်ပြီး ညီတူညီမျှ ကိုယ်စားပြုခွင့်လည်း ရှိသင့်ပါတယ်'' ဟု ကီးလဲအောင်က ပြောသည်။

၂ဝဝ၆ ခုနှစ် ပထမအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စတင်ဖွဲ့စည်းစဉ်ကတည်းက CNC သည် ဆန့်ကျင်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျောင်းသားလူငယ် အဖွဲ့အစည်းကဲ့သို့သော အဖွဲ့များက CNC ဖွဲ့စည်းပုံကို သဘောမတူကြဘဲ ညီလာခံဆုံးဖြတ်ချက်များကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။

ချင်းတိုင်းရင်းသား မတူမျိုးနွယ်စု လူငယ်များနှင့် ဖွဲ့စည်းထားသည့် နယူးဒေလီအခြေစိုက် မတူလူငယ်အဖွဲ့ (MYO) ၏ ဥက္ကဋ္ဌ ဗန်တူးကလည်း သူတို့အဖွဲ့ကို လျစ်လျူရှုထားကာ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံသို့ ဖိတ်ကြားခြင်း မရှိခဲ့ကြောင်း အင်္ဂါနေ့က မဇ္ဈိမကို ပြောသည်။

CNC ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့် ပထမအကြိမ် ညီလာခံဆုံးဖြတ်ချက်ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့ မတူအဖွဲ့ကို တမင်တကာ ချန်ထားခဲ့သည်ဟု ခံစားရကြောင်း သူက ပြောသည်။

''ချင်းတိုင်းရင်းသား မျိုးနွယ်စုတွေအကြား ညီတူညီမျှ ကိုယ်စားပြုခွင့် မရဘူးဆိုတာ တွေ့ရလို့ ပထမအကြိမ် ညီလာခံဆုံးဖြတ်ချက်တွေကို ကျနော်တို့ လက်မှတ် မရေးထိုးခဲ့တာပါ'' ဟု သူက ပြောသည်။

ချင်းတိုင်းရင်းသားများအကြား မျိုးနွယ်စုများ အားလုံးပါဝင်နိုင်ရန် CNC ကို သူတို့၏ မူဝါဒများ ပြင်ဆင်ရန်လည်း သူက တိုက်တွန်းလိုက်သည်။ ''အခုလောလောဆယ်တော့ မတူ၊ ချို၊ ခူမီးတို့လို မျိုးနွယ်စုတွေအတွက် ကောင်းမွန်သင့်တော်တဲ့ ကိုယ်စားပြုမှု မရှိဘူး'' ဟု သူက ပြောသည်။

CNC ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းကမူ CNC သည် ချင်းအမျိုးသားလှုပ်ရှားမှုအတွင်း တစထက်တစ တိုးတက်ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယမြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယားစခန်းတွင် ကျင်းပသည့် ချင်းအမျိုးသားများကြား အများသဘောတူညီမှု တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲ ‘Seminar on Chin Consensus Building’ သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၉၅ ဦး လက်မှတ်ရေးထိုးခဲ့သည့် ၂ဝဝ၄ ဧပြီ ဗစ်တိုးရီးယား သဘောတူညီချက်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဤသဘောတူညီချက်တွင် ရည်မှန်းချက် ၄ ခု ပါရှိသည်။ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အတူတကွ လက်တွဲ ဆောင်ရွက်ရန်၊ ချင်းအမျိုးသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ရန်တို့ ဖြစ်ကြသည်။

''ကျနော့်ရဲ့ ပုဂ္ဂလိကအမြင်အရတော့ တော်လှန်ရေး လှုပ်ရှားမှုအတွင်းမှာ ညီတူညီမျှ ကိုယ်စားပြုမှုဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အတူတကွ လက်တွဲလုပ်နိုင်မယ့် ကောင်းမွန်တဲ့ မူဝါဒမျိုးကိုသာ ရေးဆွဲချမှတ်သွားမှာ ဖြစ်ပါတယ်'' ဟု ရာလ်နှင်းက ပြောသည်။

CNC သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၇ မျိုးဖြစ်သည့် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းနှင့် မွန်လူမျိုးတို့ ကိုယ်စားပြုထားသည့် ထီးရိပ်အဖွဲ့အစည်းတခုဖြစ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ပြည်ပအခြေစိုက် အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်အဖွဲ့အစည်းတခု ဖြစ်သည်။

(မုံပီး တည်းဖြတ်သည်)





(ဆက်ဖတ်ရန်.......)

၂၀၁၀ ရွေးကောက်ပွဲကို ကူကီး တိုင်းရင်းသားများ ကန့်ကွက်

Thursday, 19 November 2009 18:42 ဇာနည်မာန်


၂၀၁၀ တွင်ပြုလုပ်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနှင့် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုလည်း ကန့်ကွက်ရန် တိုက်တွန်းကြောင်း ၄၂ နှစ်မြောက် ခါတော်မီ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် ကူကီးကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးက ပြောဆိုလိုက်သည်။

ကူကီး အမျိုးသားများ၏ ၄၂ နှစ်မြောက် ခါတော်မီ စစ်ဆင်ရေးနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)
ကူကီးတိုင်းရင်းသားများ အပါအ၀င် တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာပြည်သူလူထုကို ဖိနှိပ် အုပ်ချုပ်လျက်ရှိသော စစ်အစိုးရ၏ လုပ်ရပ်မှန်သမျှကို အယုံအကြည်မရှိ၍ ယခုကဲ့သို့ ကန့်ကွက် ရခြင်းဖြစ်ကြောင်း အဆိုပါ တပ်ဦးက ပြောသည်။

“၂၀၀၈ တုန်းက အခြေခံဥပဒေ အတည်ပြု မဲပေးတာမှာလည်း ကျနော်တို့ကန့်ကွက်ခဲ့ပြီးပြီ။ ဒါကို မတရား အတည်ပြုခဲ့တယ်။ စစ်အစိုးရရဲ့လုပ်ရပ်တွေကို ဘာမှအယုံအကြည်မရှိဘူး။ ဒါကြောင့် ကန့်ကွက် ရတာပါ” ဟု ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF) ၏ ဥက္ကဌ ကိုလူလွန်းက ပြောသည်။

၁၉၆၇ ခုနှစ် မဆလ အစိုးရ လက်ထက်တွင် အိန္ဒိယ - မြန်မာနယ်စပ်ရှိ ကူကီးတိုင်းရင်းသား ၂ သောင်းကျော် တို့ကို အိန္ဒိယ ခွဲထွက်ရေး သူပုန်များအဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံတွင်း နေထိုင်ခွင့်မပေးဘဲ “ခါတော်မီ စစ်ဆင်ရေး” ဟူ၍ အမည်တပ်ကာ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

“အဲဒီတုန်းက စပါးရိတ်ချိန်ကို ရိတ်ခွင့်မပေးဘဲ ၄၈ နာရီအတွင်း အမြန်ဆုံးထွက်ရမယ်ဆိုပြီး လုပ်တယ်။ ဘာပစ္စည်းမှ ယူပိုင်ခွင့်မရှိဘူး။ တယောက်စာ အ၀တ်စားလောက်ယူပြီး သွားကြရတာ။ သူတို့က ကူကီး အမည်ခံထားသမျှကို မောင်းထုတ်တာဆိုတော့ မိသားစုတွေ ကွဲတာ အများကြီးပဲ” ဟု ကိုလူလွန်းက ပြောပြသည်။

ဆက်လက်၍ ၎င်းက “အခုဆိုရင် မဏိပူကလာတဲ့ ကသည်းလူမျိုးတွေကို မြန်မာမှတ်ပုံတင်နဲ့ နေထိုင်ခွင့် ပြုထားတာတွေရှိတယ်။ ကျနော်တို့ ဘိုးဘွားစဉ်ဆက် နေလာတဲ့ ကူကီးတွေကျတော့ အဲဒီလို အခွင့်အရေး မျိုး မရဘူး။ သွားမယ်လာမယ်ဆိုရင် ကသည်းတွေကို ပြန်ပြီးခွင့်တောင်းရတယ်” ဟုပြောသည်။

လက်ရှိတွင်လည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းအထက်ပိုင်း ခန္တီးနှင့် ကဘော်ချိုင့်ဝှမ်းဒေသရှိ ကျန်ရစ်သော ကူကီးလူမျိုးများကို လူမျိုးရေးအရ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်းလည်း သိရသည်။

“ထမံသီ ရေကာတာ ဆောက်တုန်းကဆိုရင် အဲဒီဒေသမှာရှိတဲ့ ကူကီးလူမျိုးတွေအပြင် တခြား တိုင်းရင်းသား ပိုင် မြေတွေ၊ ရွာတွေဖယ်ပေးရတယ်။ ကူကီးလူမျိုးဖြစ်တယ် ဆိုတာကို မောင်းထုတ်ခံရမှာစိုးတော့ သူတို့ မပြောရဲကြဘူး။ ထာဒိုချင်းလို့ပဲ ပြောရတယ်။ ကျနော်တို့က ချင်း မဟုတ်တော့ အဲဒီလိုပြောရတာကို မကြိုက်ကြဘူး” ဟု ကိုလူလွန်းက ပြောပြသည်။

ကူကီးလူမျိုးစုအပြင် တခြားသော တိုင်းရင်းသား လူနည်းစုများကိုပါ ဖိနှိပ်မှုများ ရှိနေသောကြောင့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

တိုင်းရင်းသား ပြည်သူလူထု၏ ရပိုင်ခွင့်များအတွက် စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ၀ိုင်းဝန်းကန့်ကွက် သွားသင့်သည်ဟုလည်း သူက တိုက်တွန်းပြောဆိုသည်။

ကူကီးတိုင်းရင်းသားများသည် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ကြပြီး ကိုလိုနီခေတ်က ကူကီးတပ်မတော်အဖြစ် အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်ရာတွင် ပါဝင်ခဲ့ကြသည်။

ထိုစဉ်ကာလက အိန္ဒိယနှင့်မြန်မာ နယ်နိမိတ်များ သတ်မှတ်ရေးဆွဲရာတွင် ကူကီးတိုင်းရင်းသားများ နေထိုင်ရာနေရာဒေသမှာ အိန္ဒိယပိုင်နှင့် မြန်မာပိုင်အဖြစ် နှစ်ပိုင်းကွဲသွားခဲ့သည်။

လက်ရှိ မြန်မာပြည်ဘက်တွင် ကျန်ရစ်သော ကူကီးလူမျိုး အနည်းစုမှအပ အများစုမှာ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ် ပြည်နယ်တွင်နေထိုင်ကြပြီး တချို့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု နေထိုင်ခွင့်ရရန် လျှောက်ထား ကြသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Wednesday 18 November 2009

Malaysia ACR NEWS

Nov 15 ACR News




(ဆက်ဖတ်ရန်.......)

ကောင်းကြီးမိုးရွာပါလေ

(Ruahpi sur kukkuk law)
ငှက်ကလေးများပျံသန်းစေ
(Vate hawi lengli law)
သူတို့ လယ်စပါးဝင်းမှည့် စေသော်
(Amah lo ah fang thar lai ee)
ငါတို့လယ်စပါးဝင်မှည့်စေသော်
(Keimah lo ah fang thar lai ee)
ချင်းပြည်နယ် ဖလမ်းမြို့နယ် တွင်းရှိ ချင်းမျိုးနွယ်စုတစ်စုရဲ့ ကောက်သစ် စားပွဲမှာ မြူးကြွတဲ့အကနဲ့ ပျော်ပျော်ရွှင်ရွှင် သီဆိုလေ့ရှိတဲ့ ရိုးရာတေးတစ်ပုဒ် ဖြစ်တယ်။ ငယ်ငယ်ကတည်းက ကြားနေကျဖြစ်ပေမဲ့ အကြောင်းအရာနဲ့ အနှစ်သာရကို သိပ်မစဉ်း စားခဲ့မိဘူး။
သူငယ်ချင်းတစ်ယောက်က ချင်းရိုးရာတေးတွေနဲ့ ဒီဘက်ခေတ်ဂီတပုံစံ ပေါင်းစပ်ပြီး သီချင်းလုပ်ရအောင်၊ မင်းရတာ တွေ ဘာရှိလဲ၊ ကောင်းမယ်လို့ ထင်တဲ့ဟာ လေးတွေ ပြစမ်းပါ ဆိုတာနဲ့ ဒီသီချင်းလေးကို ကျွန်တော် ဆိုပြတယ်။ ဒါနဲ့ပဲ ဒီသီချင်းကို ကျွန်တော် အလေးအနက်ထားလာခဲ့တယ်။

Music ပိုင်းနဲ့ ကြည့်ရင် ပြောစရာ အထွေအထူးမရှိဘူး။ ချင်းရိုးရာ တေးစစ်စစ်တွေမှာ d r m ဆိုတဲ့ အသံ ၃ ခုပဲရှိတာ။ ကျွန်တော့်ကို အဓိက ဆွဲဆောင် တာက အကြောင်းအရာပိုင်းပါ။
ကျွန်တော်တို့ ချင်းဘိုးဘေးတွေ ခေတ်တုန်းက သူတို့ရဲ့ တောင်ယာဟာ သူတို့ ရဲ့အသက်ပဲ။ ဒီနေ့ကျွန်တော်တို့လို ကုန်ကူး တာတို့၊ ဆိုင်ဖွင့်တာတို့၊ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာတို့၊ ကျမ်းစာကျောင်းဖွင့် တာတို့၊ မိဘမဲ့ဂေဟာ ထောင်တာတို့၊ ဘာတို့၊ ညာတို့ဆိုတာမှ မရှိသေးတာ။ သူတို့လက်နဲ့ ခုတ်တဲ့ တောင်ယာမှာ သူတို့ခွန်အားနဲ့ ထွန်ယက်စိုက်ပျိုးတာလေးပဲ ရှိတာ။ အထွက်ကောင်းရင် သူတို့အတွက် ကောင်းကြီးမင်္ဂလာနှစ်ပေါ့။ အကြောင်း တစ်ခုခုကြောင့် အထွက်မကောင်းခဲ့ရင် တခြားဘာမှ မျှော်ကိုးစရာ မရှိတော့ဘူး။ သူတို့ ကံကြမ္မာဟာ ဒီတစ်ခုပေါ်မှာပဲ တည်နေတာ။
ဒါကြောင့် သီချင်းရဲ့ ပထမနဲ့ ဒုတိယ အကြောင်းတွေမှာ သဘာဝ ၀န်းကျင် သာယာဖို့၊ ရာသီဥတုကောင်းမွန်ဖို့ ကို အဓိကဖွဲ့ထားတာဖြစ်မယ်။ တတိယ ကြောင်းမှာတော့ ဘိုးဘေးတွေခေတ်က သူတို့ရဲ့ စိတ်ဓါတ်ကို ထင်ရှားစွာတွေ့ ရတယ်။ စပါးဝင်းမှည့်ဖို့ အဲလောက်အရေး ကြီးချိန်မှာ တောင်သူများအတွက် အရင် ကောင်းကြီး တောင်းခံပေးသွားတယ်။ နောက်မှကိုယ့်အတွက် တောင်းဆုပြုကြတာ တွေ့ရ တယ်။
အရမ်းလှတဲ့ အရာပါလားလို့ တွေးရင်း သူတို့ရဲ့ စိတ်ဓါတ်ကို ဂုဏ်ယူ အားကျမိတယ်။ အခု သူတို့ရဲ့ မျိုးဆက်တွေ မှာကော ဒီအလှတရားတွေ ရှိသေးလား။ ကျွန်တော့်ဆီမှာကော ရှိသေးလား။ ဒီအနေ အထားနဲ့ ဒီသီချင်းကို ကျွန်တော်တို့ ဆက်ဆို သင့်သလား။ ဆက်ဆိုရဲမလား။
မေးခွန်းပေါင်းများစွာနဲ့ ကျွန်တော့်ရင်ထဲမှာ တိုးတိုးလေးညည်းမိ တယ်။

“သူတို့လယ်စပါး ၀င်းမှည့်စေသော်၊
ငါတို့လယ်စပါး ၀င်းမှည့်စေသော်”

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမဂ္ဂဇင်း မှကူးယူပါသည်။

(ဆက်ဖတ်ရန်.......)

မြေယာ သိမ်းပိုက်မူ သတင်းတွင် တပ်ရင်း နံပတ် မှားလွင့်၍ ရွာသားများ စစ်ဆေး မေးမြန်းခံရ

11/18/2009
ပြည်ပအခြေစိုက် မြန်မာ အသံလွင့် သတင်းဌာန တခုမှ ရခိုင်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်းတခုက ကျေးရွာ တရွာမှ လယ်မြေ သိမ်းပိုက်မူ သတင်းတပုဒ်ကို ထုတ်လွင့်ရာတွင် စစ်တပ် တပ်ရင်းအမည်ကို မှားယွင်းစွာ ထုတ်လွှင့်ခဲ့သဖြင့် ကျေးရွာသားများကို စစ်တပ်က ခေါ်ယူမေးမြန်း စစ်ဆေးခဲ့သည်။

အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “ကျွန်တော်တို့ ပုဏ္ဍားကျွန်းမြို့နယ် အမဲ ခင်ကျေးရွာက လယ်မြေဧက ၆၃ ဧကို သိမ်းပိုက်တဲ့ တပ်ရင်းက စစ်တွေ အခြေစိုက် ခမရ ၃၄၄ ဖြစ်ပါတယ်။ ဒါကို ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀က ဆိုပီး ထုတ်လွင့်ခဲ့တဲ့ အတွက် အဲဒီ တပ်ရင်းက မကျေနပ်တဲ့အတွက် ရွာသားတွေကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေ အခြေစိုက် ခမရ ၃၄၄ က လွန်ခဲ့သည့် ဇွန်လအတွင်းက အမဲခင်ကျေးရွာမှ ရွာသားများ ပိုင်ဆိုင်သည့် လယ်မြေများနှင့် စားကျက်မြေ ၆၃ ဧက ကို လျော်ကြေး တစုံတရာမပါဘဲ သိမ်းပိုက်ခဲ့သည်။

“ သတင်းက ဇွန်လ ၁၂ ရက်နေ့မှာ ပါသွားတယ်လို့ သိရပါတယ်၊ အဲဒီသတင်းကြောင့် ခမ၇ ၅၅၀က တပ်ရင်းမှူးက ငါတို့တပ်ရင်း သိမ်းတာ မဟုတ်ဘဲ ဘာလို့ ငါတို့ တပ်ရင်းကို ဖေါ်ပြရမလဲ။ သူက ပုဏ္ဍားကျွန်းမြို့က မြေတိုင်း စာရေးတွေကို ခေါ်ပြီး ဘယ်လယ်တွေကို ငါတို့ သိမ်းသလဲ။ ရွာသားတွေကို ခေါ်ပြီးမေးပါတယ်။ ချက်ချင်း ဆိုသလိုဘဲ ခမရ ၃၃၄ တပ်ရင်းမှူးလည်း အဲဒီနေ့မှာဘဲ ရွာကိုရောက်လာ တော့ သူတို့ အချင်းချင်း စကားများကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ပြေလည် သွားကြပါတယ်။ ဒါပေမယ့် ခမရ ၅၅၀ တပ်ရင်းမှူးက ရွာသားတွေကို တပ်ရင်း နံပတ်မှားပြီး သတင်းပို့တယ်ဆိုပြီး လုံးဝ မကျေနပ်ဘဲ ဖြစ်နေပါတယ်” သူက ဆက်ပြောသည်။

ယခုအခါ အပတ်စဉ်တိုင်း အမဲခင်ကျေးရွာမှ ဆယ်အိမ်မှူး ခမရ ၅၅၀ ဌာနချုပ်သို့ သွားရောက်ပြီး အစစ်ဆေးခံနေရပြီး အမဲခင် ရယက ဥက္ကဌ ဦးဦးစိန်သာမှာ တိမ်းရှောင်နေရသည်ဟု သိရသည်။

ခမရ ၃၃၄ တပ်ရင်းမှ သိမ်းဆည်းလိုက်သည့် လယ်မြေများထဲတွင် အမဲခင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းပိုင်မြေ ဖြစ်ပြီး အဆိုပါ မြေထဲတွင် တည်ရှိသော ဘုန်းတော်ကြီး အရိုး အုဋ်ဂူများကို ဖြိုဖျက် ပစ်ခဲ့ပြီး ဗောဓိပင်များကိုမူ ခုတ်လှစ်ပစ်ခဲ့ဟု သိရသည်။(နိရဉ္စရာ)


(ဆက်ဖတ်ရန်.......)

၂၀၁၀ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိရန် နိုင်ငံတကာမြန်မာ့သတင်း အဖွဲ့တောင်းဆို

နိုဝင်ဘာလ ၁၈ ရက်၊၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ၏ (၁၄)ကြိမ် မြောက် အစည်းအဝေးက ၂၀၁၀ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရန် တောင်းဆိုလိုက် သည်။

ယမန်နေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI)က စစ်အစိုးရမှ ဖမ်းဆီး ထားသော သတင်းထောက်အားလုံး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးရန်၊ လွတ်လပ်စွာသတင်းယူခွင့် ပုံ နှိပ်ဖော်ပြခွင့်နှင့် သတင်းစာနယ်ဇင်းများအပေါ် တင်းကျပ်စွာ စီစစ်နေမှုများကို ရပ်ဆိုင်းရန် စစ်အစိုးရအား ပထမ ဆုံးအကြိမ် တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သတင်းထောက်များအား လွှတ်ပေးရန် တောင်းဆိုချက် ကို (BNI)၏ Develop ment Officer နိုင်ကဆော့မွန်က ယခုလိုပြောသည်။

“သတင်းထောက်တွေ နည်းအမျိုးမျိုးနဲ့ဖမ်းခံရတယ်။ သူတို့ စွပ်စွဲတာက တချို့က နိုင်ငံရေးမှု နဲ့ မ ဟုတ်ပဲ ဘာမဟုတ်တာနဲ့စွဲထားတာရှိတယ်။ အဲဒီသတင်းထောက်အားလုံး ရွေးကောက်ပွဲကို လွတ်လပ် စွာ၊ တရားမျှတစွာလုပ်မယ်ဆို ပြန်လွှတ်သင့်တယ်။"

ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲပြီးကာလထိ လွတ်လွတ် လပ်လပ် သတင်းယူ ခွင့်၊ သတင်းထောက်များတွေ့ဆုံချင်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခွင့်၊ နေရာဒေသတိုင်းတွင် သတင်းသွား ယူခွင့်များပေးရန် တောင်းဆိုသည်ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲပြုလုပ်သည့် နိုင်ငံတိုင်းတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ရှိရပြီး ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီများ၏ မှတ်တမ်း၊ ကိုယ်စားလှယ်လောင်းများ၏ ရာဇ၀င်ကို လွတ် လပ်စွာ သတင်းတင်ပြခွင့် ပေးသင့်သည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့က စစ်တပ်က ရပ်နားပြီး ရွေးကောက်ပွဲဝင်မှာလည်းရှိတော့ သတင်းထောက်က လွတ်လပ်စွာ တင်ပြပိုင်ခွင့်ရှိတယ်။ ဒါကိုအစိုးရက ဖြတ်တောက် ဆင်ဆာလုပ်မယ် ဆို မဲပေးမယ့်လူထုအတွက် အခွင့်အရေးကို ချိုးဖောက် တာဖြစ်တယ်။ မဲပေးသူတွေဟာ သူတို့မဲပေးသူတွေရဲ့ ကိုယ်ရေးရာဇ၀င် အားလုံးကို သိရှိပိုင်ခွင့်ရှိရမယ်”

လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ပြဿနာအားလုံးကို ဖြေရှင်းသွားနိုင်မည် မဟုတ်သည်ကို ယုံ ကြည်ထားသဖြင့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပဋိပက္ခများကို မြန်မာနှင့် နိုင်ငံတကာမှ သိရှိနိုင်ရန် ထုတ်ဖော်တင်ပြ သွားမည်ဟု (BNI)အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာလူထုအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ဖြစ် သည်ရှိသော် ရွေးကောက်ပွဲစောင့်ကြည့်မည့် လုပ်ငန်းစဉ်နှင့် မြန်မာ မူးယစ်ဆေးဝါး ပြဿနာသည် ထိုင်း၊ အိန္ဒိယ နှင့် တရုတ်စသည့် နိုင်ငံများတွင် ဆိုးကျိုးများ ဖြစ်စေသဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာ တစောင်ထုတ် ရန် ရှေးလုပ်ငန်းစဉ် ချမှတ်ခဲ့သည်။

နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့(BNI)သည် နယ်စပ်ဒေသအခြေစိုက်သည့် သတင်းဌာန ၁၁ဖွဲ့ ပူးပေါင်းဖွဲ့စည်း ထားသော အဖွဲ့ဖြစ်ကာ ယင်းအဖွဲ့ကို ၂၀၀၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။(သတင်းနှင့် မီဒီယာကွန်ယက်)

(ဆက်ဖတ်ရန်.......)

တားမြစ်ခံရသော မြင်ကွင်းများ ခရီးသွားလမ်းညွှန်စာအုပ်ထုတ်

နိုဝင်ဘာလ ၁၇ ရက် ၊၂၀၀၉ ခုနှစ်။
ရှမ်းပြည်တွင်းရှိ မြန်မာစစ်အစိုးရ ဖုံးကွယ်ဖျက်ဆီးထားသည့် ရိုးရာယဉ်ကျေးမှုအဆောက် အဦများ၊ ဒေသများနှင့် ပတ်သက်သည့် ခရီးသွားလမ်းညွှန်စာအုပ်ကို ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) မှ ယနေ့ ပထမဆုံးအကြိမ် ထုတ်ခဲ့ သည်။

ယနေ့ကျရောက်သည့် ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် တားမြစ်ခံရသော မြင်ကွင်းများ ခရီးသွား လမ်းညွှန်ကို ထုတ်ခြင်းဖြစ်သည်ဟု(SWAN)မှ ယိင်းခမ်းဟန်ဖ ကယခုလိုပြောသည်။

“ရှမ်းတိုင်းရင်းသားလူမျိုးအတွက် ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် အရေးတကြီး ထိန်းသိမ်းတဲ့ နေ့ဖြစ်လို့ သာသနာ့ အမွေအနှစ်၊ ရှေးဘိုးဘွားဘီဘင်က ရှမ်းယဉ်ကျေးမှုကို ဖော်ထုတ်ချင်လို့ ရှမ်း နှစ်သစ်ကူးနေ့မှာ ထုတ်ခြင်းဖြစ်တယ်။”

မြန်မာစစ်အစိုးရမှ လက်ရှိရှမ်းပြည်တွင်းရှိ သာသနာနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝရှုခင်း စသည် များကို ဖျက်ဆီးပြီး သမိုင်းကြောင်းများကို ပြောင်းလဲထားသည့် အမှန်တရားကို ခရီးသွားဧည့်သည်များ သာမက ပြည်သူလူထုများပါ သိရှိစေရန် ခရီးသွား လမ်းညွှန်စာအုပ်ကို ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်နှင့် ထိုင်းဘာသာများဖြင့် ထုတ်ဝေထားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ခရီးသွားလမ်းညွှန်စာအုပ်တွင် ရှမ်းပြည်၏ အခြားရှုထောင့်အမြင်မှ ကြည့်နိုင်သည့် ပုံရိပ် များကို တင်ပြထားပြီး စစ်အစိုးရ အဆက်ဆက် ရှမ်းပြည်၏ ယဉ်ကျေးမှုနှင့် သမိုင်း ကြောင်းဆိုင်ရာ နေရာများ၊ အဆာက်အအုံများအား တမင်လှစ်လျူရှုခြင်း မပျက်ပျက်အောင် ဖျက်ဆီးခြင်း၊ မုရင်းများကို ပယ်ဖျက်ကာ အသစ်ပြန်တီထွင်နေပုံများကို ရုပ်ပုံကား ချပ် အစုံအလင်ဖြင့် ဖော်ထုတ်တင်ပြထားသည်။

ရှမ်းပြည်နယ်တွင် အကြီးဆုံးဖြစ်သည့် ကျိုင်းတုံဟော်နန်းကို စစ်အစိုးရကဖြိုဖျက်ပြီး ၁၉၉၆ ခုနှစ်တွင် ခေတ်မှီ သည့် ကျိုင်းတုံဟော်တယ် တည်ဆောက်ခဲ့သည့်ပြင် သီပေါမြို့တွင် တည်ရှိသည့် ဒုတိယနွေရာသီ စခန်းသာ ဟော်နန်းကိုလည်း စစ်အစိုးရက ပြုပြင်ခွင့် မပေးဟုလည်း (SWAN)၏ ပြောရေးဆိုခွင့်ရှိသူ နန်းမွန်းခိန်က ယခုလို ပြောသည်။

“ညောင်ရွှေယဉ်ကျေးမှု ပြတိုက်သမိုင်းဝင်အထောက်ထား လက်မှုအနုပညာမြောက်ပစ္စည်းကို နေပြည် တော်ကို ယူသွားတယ်။ သမိုင်းအမွေနှစ်တွေ မရှိတော့ပဲ ဧရာမရွှေတိဂုံပုံတွေ ချိတ်ဆွဲတာ တွေ့ရ တယ်။”

ခရီးသွားလမ်းညွှန်စာအုပ်ကို အပိုင်းလေးပိုင်းဖြင့် ဟော်နန်းအကြောင်း၊ စော်ဘွားများ အကြောင်း၊ အစိုးရဖျက်ဆီး သိမ်းဆည်းထားသည့် ဟော်နန်းအကြောင်း၊ သာသနာနှင့် ပတ်သက်သည့် စေတီပုထိုးကျမ်းဂန်များအကြောင်း ရေးသားထားသည်။

ဖျက်ဆီးခံရသည့်ရုပ်ထု၊ ရှမ်းလူမျိုးတို့က ဘိုးဘွားစဉ်ဆက် တည်ဆောက်ခဲ့သည့် ထီးမူ နန်းမူအကြောင်း၊ ရှမ်း ပြည်သဘာဝရှုခင်း၊ သယံဇာတများကိုစစ်အစိုးရမှ ဖွံ့ဖြိုးတိုးတက်မှု အတွက်ဟုဆိုကာ ရေကာတာများ၊ ရေနံပိုက် လိုင်းများ တူးဖော်သည့်အကြောင်းနှင့် နောက်ဆုံးအပိုင်းတွင် ရှမ်းပြည်တွင်အကျဉ်းကျနေသည့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အကြောင်းများ ရေးသားထားသည်။

မြန်မာစစ်အစိုးရမှ ရှမ်းပြည်နယ်တွင်း ကမ္ဘာလှည့် ခရီးသွားများကို သွားခွင့်ပြုသည့် ခရီးသွားမြေပုံမှ ရှမ်းပြည် မြောက်ပိုင်းတွင် မေမြို့၊ လားရှိုး -မူဆယ်လမ်း၊ ရှမ်းပြည် တောင်ပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့် ရှမ်းပြည် အရှေ့ပိုင်းတွင် တာချီလိတ်နှင့် ကျိုင်းတုံတို့ ဖြစ်သည်။

တစ်ဘာသာလျှင် အုပ်ရေ(၁၀၀၀)နှုန်းဖြင့် ထုတ်ပြီး ၎င်းစာအုပ်ဖြစ်မြောက်ရန် တစ်နှစ်ကြာ အချက်အလက်မှတ် တမ်းများကို ရှာဖွေစုဆောင်းသည့် အခက်အခဲများကို ယိင်းခမ်းဟန်ဖ က “မိန်းကလေး ဒီလို အချက်ကောက် တော့လူတွေက ဘာအကျိုးရှိမှာမို့လဲ အလုပ်မရှိ အလုပ်ရှာတယ် ဆိုတာမျိုး၊ လုံခြုံရေးအခက်အခဲ ကွယ်ကွယ်ဝှက်ဝှက် လုပ်ရတာမျိုး အခက်ခဲအများကြီး။” ဟုပြောသည်။(သတင်းနှင့်ကွန်ယက်)

(ဆက်ဖတ်ရန်.......)

Monday 16 November 2009

ရွေးကောက်ပွဲံဥပဒေထုတ်ရန် ဦးသုဝေက သန်းရွှေထံစာရေး

ဖနိဒါ
တနင်္လာနေ့၊ နိုဝင်ဘာလ 16 ရက် 2009 ခုနှစ် 16 နာရီ 51 မိနစ်


မဇ္ဈိမ(ချင်းမိုင်)။ ။ ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ပေးရန် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်နေသော ပါတီတခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုလ ၁၃ ရက်နေ့က စာတစောင် ရေးပို့လိုက်သည်။

ပါတီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အချိန်နောက်ကျနေသည်ဟု ယူဆကြောင်းနှင့် ပုဂ္ဂလိက အနေဖြင့်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးသုဝေက ပြောသည်။

“ပါတီက တရားဝင် မဟုတ်သေးဘူးဆိုတော့ ပုဂ္ဂလိက အနေနဲ့ ပို့လိုက်တာပါ။ အားလုံးသော ပါတီတွေအတွက် ဆိုပြီးတော့ မေတ္တာရပ်ခံ လိုက်တာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက်စာရင် အများကြီး နောက်ကျနေပြီလေ” ဟု ဦးသုဝေက ပြောသည်။

၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဟု စစ်အစိုးရက အာမခံထားသော ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လိုသည့် နိုင်ငံရေး ပါတီများအနေဖြင့် စနစ်တကျ ပြင်ဆင်ချိန် လိုအပ်ပြီး “တရားဥပဒေအတိုင်း စည်းရုံးလှုပ်ရှားဖွဲ့စည်းနိုင်ရန်” အတွက် စာရေးသားရခြင်း ဖြစ်ကြောင်း ပေးစာအတွင်း၌ ဖော်ပြထားသည်။

၁၉၉၀ ခု ရွေးကောက်ပွဲများ၌ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ရွေးကောက်ပွဲနေ့ မတိုင်မီ လပေါင်း (၂၀) ကြိုတင် ကြေညာခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို လပေါင်း (၁၂) လကြိုတင် ကြေညာပေးခဲ့သည်။ သို့သော်လည်း ယခုတကြိမ်တွင်တော့ ကောလာဟလ အမျိုးမျိုးသာ ထွက်ရှိနေခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကတော့ မထွက်ရှိလာသေးပေ။

ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိရန် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ အနေဖြင့် လွတ်လပ်စွာ သွားလာစည်းရုံးခွင့်၊ ကြေညာချက်များ ထုတ်ခွင့်ရှိရမည်သာမက သတင်းဌာနများသည် လွှတ်လပ်မှု ရှိရမည်ဟု ဦးသုဝေက ပြောသည်။

အသက် ၇၇ နှစ်အရွယ် ဦးသုဝေသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ-ဒီပီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ ဦးဆောင်ပါဝင်သည်။

ပါတီမူဝါဒ သဘောထားများ၊ ဖွဲ့စည်းပုံ စည်းမျဉ်းများ ရေးဆွဲပြီး ဖြစ်သည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် တိုင်းနှင့် မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ အသီးသီးဖွဲ့စည်းထားပြီး ဖြစ်သည်။

ဦးသုဝေသည် ပါလီမန်ခေတ်တွင် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန် ဖြစ်ခဲ့ကာ သတင်းစာဆရာတဦးလည်း ဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သင့်ပြီ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ပါတီဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်တို့ကို ရွေးကောက်ပွဲ မတိုင်မှီ အနည်းဆုံး ၈လမှ ၁ နှစ်အကြား စတင်ခွင့်ပြုသင့်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။

“ကျေးရွာ၊ မြို့နယ်၊ ခရိုင်တွေမှာ ပါတီဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ တရားဟောခွင့်၊ မဲစွယ်ခွင့် ပေးရတော့မယ်လေ။ ပါတီစုံ ဝါဒလမ်းစဉ်ကို ဖော်ထုတ်ပြီး၊ တင်ပြပြီးတော့ လူထုကို စည်းရုံးရမယ်။ နောက်တောင် ကျနေပြီလို့ ပြောလို့ရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သည့် အန်အယ်ဒီပါတီကမူ အာဏာလွှဲပေးခြင်း မခံရဘဲ ပါတီလှုပ်ရှားမှုများပါ ကန့်သတ်ခံနေရဆဲဖြစ်ပြီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင် အများအပြား ချုပ်နှောင်ခံနေသည်။

အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီများက ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုထားသည်။

နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး” က တခဲနက် အတည်ပြုပေးခဲ့ပြီး ဖြစ်သောကြောင့် ရွေးကောက်ပွဲများ ကို ၂၀၁၀ ခုနှစ်၌ ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု ၈၉ နှစ်မြောက် အမျိုးသားနေ့တွင် ထပ်မံဖော်ပြခဲ့သည်။

(တည်းဖြတ် ကိုဝိုင်း)




(ဆက်ဖတ်ရန်.......)